နေပြည်တော် ၃  ဇူလိုင်

စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရုံးချုပ်)၊ စပါးသီးနှံသုတေသနဌာနစု၌ တောင်သူများပါဝင် ရွေးချယ်သည့် ကိုရီးယား- မြန်မာစပါးမျိုးကူးစပ်လိုင်း (၂) လိုင်း၏ ဆန်အရည်အသွေးနှင့် စားသုံးမှုအရည်အသွေးတို့၏ အကဲဖြတ်အမှတ်ပေးခြင်း အခမ်းအနားကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့  (KOPIA - RDA Project) အကူအညီဖြင့် ယမန်နေ့နံနက် ၈ နာရီက ကျင်းပသည်။

 

အခမ်းအနားသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်လွင်ဦး၊ ညွှန်ကြားရေးမှူးများနှင့် သုတေသီများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ နေပြည်တော်တိုင်းဦးစီးမှူး ဦးဝင်းဦးနှင့် စိုက်ပျိုးရေးပညာရှင်များ၊ ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ခဲ့ကြသည်။

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် တောင်သူများအတွက် စားသုံးမှု အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းပိုမိုရရှိသည့် စပါးမျိုးသစ်များ စဉ်ဆက်မပြတ် မွေးမြူဆောင်ရွက်လျက်ရှိပါကြောင်း၊ ရရှိလာသော မျိုးသစ်များကို ပုဂ္ဂလိက အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဝေသွားမည်ဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့်လည်း မိရိုးဖလာစပါးမျိုးများအစား အထွက်နှုန်း ပိုမိုရရှိသည့်  မျိုးသစ်များပိုမိုသုံးစွဲစေလိုသည်ကို  ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။

 

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန နေပြည်တော်တိုင်းဦးစီးမှူးနှင့် စပါးနှင့် အခြားနှံစားသီးနှံသုတေသနဌာနခွဲ ညွှန်ကြားရေးမှူးတို့က အမှာစကား အသီးသီးပြောကြားခဲ့ကြပြီး၊ ကြွရောက်လာသော စိုက်ပျိုးရေးသုတေသီများ၊ စိုက်ပျိုးရေးပညာရှင်များ နှင့် တောင်သူများက မျိုးသစ် (၂) မျိုးဖြစ်သည့် Yn 3404-3-2-U1 59 နှင့် Yn 3405-2-3-U1 174 မျိုးတို့၏ ဆန်အရည်အသွေးနှင့် စားသုံးမှု အရည်အသွေး တို့ကို အကဲဖြတ်အမှတ်ပေးခဲ့ကြသည်။

 

Yn 3404-3-2-U1 59  စပါးမျိုးသစ်သည် ကိုရီးယားစပါးမျိုး Hanareum နှင့် ပေါ်ဆန်းဘေးကြားတို့ကို မျိုးကူးစပ်မွေးမြူကာ ရရှိလာခြင်းဖြစ်ပြီး၊ ဆည်ရေသောက်ဒေသနှင့် မိုးရေသောက်ဒေသတို့တွင် နွေစပါး၊ မိုးစပါးအဖြစ် စိုက်ပျိုးနိုင်ခြင်း၊ အထွက်နှုန်းကောင်းမွန်ကာ စားသုံးမှုအရည်အသွေး ကောင်းမွန်ခြင်းစသည့် လက္ခဏာများတွေ့ရှိရသည်။

 

Yn 3405-2-3-U1 174 စပါးမျိုးသစ်သည် ကိုရီးယားစပါးမျိုး Hanareum နှင့် မှော်ဘီ-၃ တို့ကို မျိုးကူးစပ်၍ရရှိလာခြင်းဖြစ်ပြီး၊ ဆည်ရေသောက်ဒေသနှင့် မိုးရေသောက်ဒေသတို့တွင် နွေစပါး၊ မိုးစပါးအဖြစ် စိုက်ပျိုးနိုင်ခြင်း၊ အထွက်ကောင်းခြင်း၊ စားသုံးမှုကောင်းမွန်သည့်အပြင် ဆန်လုံးရှည်သွယ်ခြင်းစသည့် အရည်အချင်းလက္ခဏာကိုတွေ့ရှိရပါသည်။ အဆိုပါ မျိုး (၂) မျိုးကို အကဲဖြတ်အမှတ်ပေးကြရာ တောင်သူများအနေဖြင့် Yn 3405-2-3-U1 174 စပါးမျိုးကို ပိုမိုကြိုက်နှစ်သက်ကြကြောင်း သိရသည်။

မေမိုးသဲ