ရန်ကုန် ၃ ဇွန်
ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလ မြစ်ကူးတံတားကြီး အမြန်ဆုံးအကောင်အထည်ဖော် တည်ဆောက်ပေးနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နေ့လယ် ၁၂ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကသွယ်ရပ်ကွက် မဟာသုမနာရာမ ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မဟာသုမနာရာမကျောင်းတိုက် ဆရာတော်နှင့် မစိုးရိမ်ကျောင်းတိုက် ဆရာတော်၊ ဒလမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ တိုင်းဒေသကြီး အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်-ဒလ မြစ်ကူးတံတားကို မူလက အသေးစိတ်ရေး ဆွဲထားသော တံတားဒီဇိုင်းနှင့် အမြင့်ပေ ၄၉ မီတာဖြင့် တည်ဆောက်ရန် အတည်ပြု ဆုံးဖြတ်ခဲ့ပြီးဖြစ်
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတား တည်ဆောက်မည့် အစီအစဉ် နှောင့်နှေးကြန့်ကြာမှုနှင့် ပတ်သက်၍ ဒေသခံပြည်သူများ သိရှိလိုသည့် အကြောင်းအရာများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး က ရှင်းလင်းပြောကြားခဲ့ရာ " ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတားကို (၁၉-၅-၂၀၁၅) ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ ဒလတံတားတည်ဆောက်ရေးစီမံကိန်းအား ကိုရီးယား EDCF ချေးငွေရရှိမှု အကောင်အထည်ဖော် ဆောင်ရွက်ရန် အဆိုပြုမှုအား ပြည်ထောင်စုလွှတ်တော် သို့ပေးပို့ခဲ့ရာ ၂၀၁၅ ခုနှစ် မေလ ၂၈ ရက်နေ့ တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ (၅၁) ရက်မြောက်နေ့၌ ဒလတံတားတည်ဆောက်ရေးစီမံကိန်းအား ကိုရီးယား EDCF ချေးငွေရယူ၍ အကောင်အထည် ဖော်ဆောင်ရွက်ရန် အတည်ပြုခွင့်ပြုခဲ့ကြောင်း၊ ထို့အတူ တံတားတည်ဆောက်ခြင်းနှင့်ကြီးကြပ်ခြင်း လုပ်ငန်းများကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ပြီး ၂ဝ၂၁ ခုနှစ်အတွင်း ပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မေ ၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတံတားဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပုဂ္ဂလိကဆိပ်ကမ်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး၍ ရန်ကုန်-ဒလမြစ်ကူး တံတားစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ရန်ကုန်-ဒလ မြစ်ကူးတံတားကို မူလက အသေးစိတ်ရေး ဆွဲထားသော တံတားဒီဇိုင်းနှင့် အမြင့်ပေ ၄၉ မီတာဖြင့် တည်ဆောက်ရန် အတည်ပြု ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း" ၄င်းက ပြောသည်။
ပြည်သူများ၏ ဆန္ဒကို အကောင်အထည်ဖော်ရာတွင် အစိုးရမှာ တာဝန်ရှိ
ကျွန်တော်တို့ "ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသများနှင့် ဧရာဝတီတိုင်းဒေသများမှ ပြည်သူများစွာတို့၏ ဒေသဖွံ့ဖြိုးတိုးတက်စေရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ကြီးမားသော အထောက်အကူ ဖြစ်ထွန်းစေမည့် ရန်ကုန်- ဒလမြစ်ကူး တံတား စီမံကိန်းလုပ်ငန်းများကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေးအတွက် ဒေသခံပြည်သူများ၏ ဆန္ဒသည် အရေးကြီးကြောင်းနှင့် အများပြည်သူလိုချင်သည့် ဆန္ဒများကို တားခွင့်မရှိကြောင်းနှင့် (ဒလ) တံတားကြီး တည်ဆောက်ရေး နှောင့်နှေးကြန့်ကြာနေခြင်းကြောင့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျနေရကြောင်း၊ ပြည်သူများ၏ဆန္ဒကို အကောင်အထည်ဖော်ရာတွင် အစိုးရမှာ တာဝန်ရှိကြောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်တို့က ဒလတံတားတည်ဆောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံပြည်သူများ သိရှိနိုင်ရန် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးအောင်ကျော်မြင့် "ကျွန်တော်တို့ ဒလမြို့နယ် ဒေသခံပြည်သူတွေအနေနဲ့ မြစ်ကူးတံတားကြီးကို အမြန်ဆုံး အကောင်အထည်ဖော်ပေးစေချင်ပါတယ်၊ တံတားဧရိယာနဲ့ မလွတ်ကင်းတဲ့ နေအိမ်များ၊ ဈေးဆိုင်ခန်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်နာရေးကူညီမှုအသင်းရုံး၊ စာသင်ကျောင်းများ၊ သာသနိက အဆောက်အဦးများ၊ အောင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကိုပါ ပြောင်းရွှေ့နေပါတယ်၊ စက်တပ်သမ္ဗန်ကူးတို့ဆိပ် အသစ်ကိုလည်း တည်ဆောက် နေပြီး တံတားထိုးမယ့် လမ်းဧရိယာတစ်လျှောက် ဖျက်သိမ်းပြောင်းရွှေ့ပြီးနေပြီး၊ တံတားကြီး အမြန်ဆုံး တည်ဆောက်ပေးဖို့ မျှော်လင့်နေပါတယ်၊ နိုင်ငံတော်အစိုးရမှ ပြည်သူများအားလုံး၏ ဆန္ဒတွေ ပြည့်ဝစေဖို့ အကောင်အထည်ဖော်နိုင်ရန် ကူညီပေးကြပါလို့ ပြောချင်ပါတယ်၊ ကျေးဇူးတင်ပါတယ် " ဟု ပြောကြားခဲ့သည်။
ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်
ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလမြစ်ကူး တံတားအမျိုးအစားမှာ သံမဏိ ကြိုးဆိုင်းတံတား(Cable Stayed Bridge)၊ တံတားခံနိုင်ဝန် ယာဉ်တစ်စီးချင်း(၇၅)တန်၊ စုစုပေါင်းတံတားအရှည် ၆၁၄၄ ပေ၊ ပင်မတံတားအရှည် ၁၉၃၆ ပေ၊ ချဉ်းကပ်တံတား(ရန်ကုန်ဘက်ကမ်း) ၂၀၂၆ ပေ၊ ချဉ်းကပ်တံတား (ဒလဘက်ကမ်း) ၂၁၈၂ ပေ၊ ပင်မတံတား အကျယ်(လေးလမ်းသွား) ၈၇ ပေ၊ ချဉ်းကပ်တံတား အကျယ်(ရန်ကုန်ဘက်ကမ်း) ၄၇ ပေ၊ ချဉ်းကပ်တံတားအကျယ် (ဒလဘက်ကမ်း) ၆၈ ပေ၊ ဆင်ခြေလျှော တံတားများအကျယ်(တစ်လမ်းသွား) ၂၃ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၄၉ မီတာ ၊ ရေလမ်းကင်းလွတ် အကျယ် ၃၇၀ မီတာ နှင့် Dead weight tonnage(DWT) ၁၅၀ဝ၀ တန်ချိန် ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်ကြောင်းသိရသည်။
ထိခိုက်မှု အနည်းဆုံး လမ်းကြောင်းအဖြစ် ရွေးချယ်
အဆိုပါ ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလမြစ်ကူးတံတားကြီးကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF Lone ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း နှင့် မြန်မာအစိုးရ ထည့်ဝင်ငွေ ၃၀ ဒသမ ၃၄၁ သန်း စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၃ သန်း ကုန်ကျမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ဗိုလ်မင်းရောင် လမ်းကို ဆက်သွယ်တည်ဆောက်သွားမည့် လမ်းအူကြောင်းမှာ ထိခိုက်မှု အနည်းဆုံး လမ်းကြောင်းအဖြစ် ရွေးချယ်တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပုဂ္ဂလိကပိုင် ကူးတို့သမ္ဗန်ဆိပ် (၆)ဆိပ် ရှိရာ ကမာအောင် ကူးတို့ဆိပ် (၁၈၀)စီး၊ ရေကန်ကူးတို့ဆိပ် (၂၂)စီး၊ တံလျှပ်ကူးတို့ဆိပ် (၄၆)စီး၊ ဆာပါချောင် ကူးတို့ဆိပ် (၄၁)စီး၊ ကျောင်းစု(စက်မြေ)ကူးတို့ဆိပ် (၂၂)စီး၊ ကျောင်းစု(လက်/ခပ်) ကူးတို့ဆိပ်(၂၀)စီး၊ စုစုပေါင်း ၃၃၁ စီး ရှိပြီး၊ သမဝါယမအသင်းပိုင် ကူးတို့သမ္ဗာန်ဆိပ် (၅)ဆိပ် ၌ သမ္မတကမ်းခြေ ကူးတို့ဆိပ်(၃၄)စီး၊ ကမာကသွယ် ကူးတို့ဆိပ်(၃၀)စီး၊ ကမာကဆစ် ကူးတို့ဆိပ်(၄၁)စီး၊ စက်မြေ ကူးတို့ ဆိပ်(၃၁)စီး၊ မှော်စက်ကူးတို့ဆိပ် (၃၁)စီး၊ စုစုပေါင်း ၁၆၇ စီးရှိပြီး ဒလမြို့နယ်တွင် စက်တပ်သမ္ဗာန်ပေါင်း ၄၉၈ စီး နှင့် ကုန်တင် အစီး (၂၀)စီး ရှိကြောင်း၊ နေ့စဉ် စက်တပ်သမ္ဗာန်ကူးတို့ဆိပ်၌ သွားလာကြသော ခရီးသည်များနှင့် ဒလ-ပန်းဆိုးတန်း သင်္ဘောဆိပ်ကမ်းမှ ပို့ဆောင်ပေးလျက်ရှိသော ချယ်ရီ(၁)၊ ချယ်ရီ(၂)၊ ချယ်ရီ(၃) တို့ဖြင့် ဒေသခံပြည်သူများနှင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးမှ သွားလာကြသော ခရီးသွားပြည်သူပေါင်း တစ်သိန်း နီးပါးရှိကြောင်း၊ မြစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် လှိုင်းကြီးခြင်း၊ မိုးရွာသွန်းခြင်းနှင့် လေပြင်းများတိုက်ခတ်ခြင်း၊ စက်ပစ္စည်းချို့ယွင်းခြင်းတို့ကြောင့် မကြာခဏ ဖြစ်ပွားနေသော စက်သမ္ဗာန်များ တိမ်းမှောက်မှု၊ နစ်မြုပ်မှုတို့ကြောင့် လူ့အသက်များ ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြစ်ကို ဖြတ်ကျော်မည့် တံတားတစ်စင်း
ရန်ကုန်မြို့နှင့် ဒလမြို့နယ်သို့ ဆက်သွယ်တည်ဆောက်သွားမည့် မြစ်ကူးတံတားကြီး အမြန်ဆုံး အကောင်အထည်ဖော်တည်ဆောက်ပါက ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူများစွာတို့၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်၏ ကုန်ထုတ်စွမ်းအားများလည်း တစ်ဟုန်ထိုးတိုးတက် ပြောင်းလဲလာမည်ဖြစ်သည်။ ဒီမိုကရေစီအစိုးရ၏ အင်္ဂါရပ်များနှင့်အညီ ပြည်သူများစွာတို့၏ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျစေရန်၊ မြစ်အတွင်း မကြာခဏဖြစ်ပွားနေသော စက်သမ္ဗန်များ တိမ်းမှောက်မှု၊ နစ်မြုပ်မှုတို့ကြောင့် လူ့အသက်များ ဆုံးရှုံးမှုများ မဖြစ်ပေါ်နိုင်ရေး ပြည်သူများစွာတို့၏ အသက်အန္တရာယ် လုံခြုံမှုရှိစေရေး တို့အတွက် တံတားကြီး အမြန်ဆုံးတည်ဆောက်မှ ပြည်သူအားလုံးရဲ့ ဆန္ဒတွေ၊ လုံခြုံမှုတွေ ပြည့်ဝလာနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြစ်ကို ဖြတ်ကျော်မည့် တံတားတစ်စင်း လိုအပ်ကြောင်းနှင့် ဒလမြစ်ကူးတံတားကြီးကို အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရန် ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများက မျှော်လင့်လျက်ရှိကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)