ဟင်္သာတ ၂၀ ဇန်နဝါရီ
ကိုရီးယားနိုင်ငံ ကြက်ခြေနီလူငယ်များနှင့် အုပ်ချုပ်သူများသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့်အတူ ဇန်နဝါရီ ၁၉ ရက်တွင် ဟင်္သာတမြို့နယ် ပေါက်ရိုးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ လူမှုကရုဏာ လုပ်ငန်းများ ဆောင်ရွက်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဟင်္သာတခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီ၊ ဟင်္သာတမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းကိုကိုဝင်း၊ ဟင်္သာတမြို့နယ် ပညာရေးမှူး ဦးတင်လှ၊ ဒုတိယပညာရေးမှူး ဦးအောင်စိုး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နှင်းဖြူဖြူမြင့်နှင့် တာဝန်ရှိသူများ၊ ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းမှ Mr.Park Tae Hwanနှင့် Mr. Park Sa Hyun တို့ဦးဆောင်သော ကြက်ခြေနီလူငယ်များ၊ ပေါက်ရိုးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းလွင်နှင့် ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများ ကြက်ခြေနီ စေတနာလုပ်အားရှင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပေါက်ရိုးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းလွင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူ Mr. Park Tae Hwan မှ ကျောင်းသို့ လူမှုကရုဏာလုပ်ငန်းများ လာရောက်ဆောင်ရွက်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကိုရီးယားကြက်ခြေနီ လူငယ်များသည် ကျောင်းသူ/ ကျောင်းသားများနှင့်အတူ ရိုးရာယဉ်ကျေးမှုများ ဖလှယ်ခြင်း၊ ကျောင်းသား/ကျောင်းသူများအား Friendship gift box များ ပေးဝေခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအကြောင်း ပို့ချခြင်း၊ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်/စာတမ်းများ၊ ဘီရိုနှင့် စာအုပ်စင်များ၊ စားပွဲများနှင့် ကုလားထိုင်များ လှူဒါန်းခြင်း၊ ကျောင်းစာကြည့်တိုက် ကမ္ပည်းမော်ကွန်းပြား လွှဲအပ်ခြင်း၊ Advance First Aids Kit လှူဒါန်းခြင်း၊ ကျောင်းစာကြည့်တိုက်အတွက် မတည်အလှူငွေကျပ် ၁၀ဝ၀ဝ၀ တိတိကို လှူဒါန်းပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ချစ်မိုး(လယ်ဝေး)