၂၅ ဖေဖော်ဝါရီ
ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး အမေရိကန်သမ္မတထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့ရဲ့ ကြိုးစားမှုဟာ အတော်လေးခရီးပေါက်ခဲ့ပြီလို့ပဲ ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဆွေးနွေးမှုကို အကြောင်းပြုပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဟနွိုင်းကို မကြာမီရောက်လာတော့မှာဖြစ်ပြီး နျူကလီးယားကင်းစင်ရေး ဒုတိယ အကြိမ်အစည်းအဝေး စတင်နိုင်တော့မှာဖြစ်လို့ပါပဲ။
ဟနွိုင်းသို့ ရောက်တော့မည် လာမယ့်ရက်သတ္တပတ်ထဲမှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံမှာဖြစ် တယ်ဆိုတဲ့အကြောင်း သက်ဆိုင်ရာအာဏာပိုင်တွေ အထူးသဖြင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေဖော်ဝါရီ ၂၃ ရက်က အတည်ပြုဖော်ပြခဲ့ပါတယ်။
မြောက်မြားစွာသော သတင်းရင်းမြစ်တွေရဲ့ အဆိုအရ မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဗီယက်နမ်နိုင်ငံကို တနင်္ဂနွေနေ့မှာ ရထားနဲ့ထွက်ခွာလာပြီလို့ သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ သူ့ရဲ့ကိုယ်ပိုင်ရထားနဲ့ တရုတ်နယ်စပ် ဒေါင်ဒန်ဘူတာရုံအထိ လာရောက်ပြီး ထိုမှတစ်ဆင့် ကီလိုမီတာ ၁၇၀ (၁၀၅ မိုင်)ရှိတဲ့ ဟနွိုင်းကို ကားနဲ့လာရောက်မှာဖြစ်ပါတယ်။
အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချမှတ်မယ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ဖေဖော်ဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။ အခုတစ်ကြိမ် တွေ့ဆုံမှုဟာ နှစ်နိုင်ငံခေါင်းဆောင်တွေအကြား ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်ပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကို ဦးစားပေးဆွေးနွေး သွားမှာဖြစ်ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေအကြား လွန်ခဲ့တဲ့နှစ်က ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာတော့ မြောက်ကိုရီး ယားနိုင်ငံမှာ လုံးဝနျူကလီးယားကင်းစင်ရေး အတွက် ကတိပြုခဲ့ကြပါတယ်။ အခုတစ်ကြိမ်ထပ်မံ တွေ့ဆုံမှုဟာ နှစ်နိုင်ငံကြား တကယ့်ကို တန်ဖိုးရှိတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်မယ်လို့လည်း လေ့လာ ဆန်းစစ်သူတွေကဆိုပါတယ်။
ပထမအကြိမ်အစည်းအဝေး လွန်ခဲ့တဲ့နှစ်က နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ သမိုင်းတွင်မယ့် ထိပ်သီးအစည်းအဝေးကို ဇွန် ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီမှာ စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ ကပ်ပီလာဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့အကြား ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အစည်းအဝေးဖြစ်ပါတယ်။
ပထမအကြိမ် အမေရိကန်-မြောက်ကိုရီးယား တွေ့ဆုံဆွေးနွေးပွဲဟာ နှစ်နိုင်ငံကြား အေးခဲနေတဲ့ အခြေအနေတွေအရည်ပျော်ပြီး ကောင်းမွန်တဲ့ဘက်ကို ရောက်ရှိစေမယ့် အနေအထားကို ဖြစ်စေခဲ့ပါတယ်။ နှစ်နိုင်ငံ တကယ့်တွေ့ဆုံညှိနှိုင်းမယ့် ရလဒ်ဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ဖို့၊ နောက်ထပ် နျူကလီးယားထိပ်ဖူးတပ် တာဝေးပစ် ဒုံးကျည်လက်နက်ဆိုင်ရာ နည်းဗျူဟာစမ်းသပ် လုပ်ဆောင်မှုတွေကို အဆုံးသတ်ဖို့၊ အမေရိကန်ပြည်ထောင်စု၊ ကမ္ဘာ့နိုင်ငံတွေနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ကြား ရန်လိုတင်းမာမှုတွေအပေါ် နိဂုံးချုပ်ဖို့ကို အဓိက ဦးစားပေးဆွေးနွေးခဲ့ပါတယ်။
ခန့်မှန်းထားတာထက် ပိုမိုအောင်မြင် အရင်တုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဟာ တစ်ဖက်နဲ့တစ်ဖက် ကျီစယ်မှုတွေ၊ အပြန်အလှန် ခြိမ်းခြောက်မှုတွေ၊ စကားလုံး စစ်ထိုးမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီလို ဓာတ်မတည့်တဲ့ တစ်ဖက်နဲ့ တစ်ဖက်ဟာ အခုတော့ သမိုင်းတွင်မယ့် ပြောင်းလဲမှုကြီးကို လုပ်ဆောင်နိုင်လိုက်တာဟာဖြင့် ကမ္ဘာကြီးကိုတောင် အံ့ဩမှင်သက်စေခဲ့ပါတယ်။ မကြုံစဖူး ထူးကဲလှတဲ့ သမိုင်းဝင်မယ့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတတို့ရဲ့ ပထမအကြိမ်တွေ့ဆုံမှုမှာ နှစ်နိုင်ငံခေါင်း ဆောင်တွေအနေနဲ့ အတိတ်ကိုအတိတ်မှာပဲ ထားခဲ့ဖို့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့တယ်လို့ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုဟာ တခြားသူတွေ ခန့်မှန်းထားတာထက် အခြေအနေ ပိုမိုကောင်းမွန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်နိုင်ငံထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ဟာ အမေရိကန် အကျဉ်းသားတွေ ပြန်လည်လွှဲပြောင်းပေးရေးနဲ့ ဒုံးကျည်စမ်းသပ်နေရာ ဖျက်ဆီးရေးတို့ကို လုပ် ဆောင်နိုင်ခဲ့တာကြောင့် ခန့်မှန်းထားတာထက်ကို ပိုမိုအောင်မြင်မှုရရှိခဲ့တယ်လို့ ဆိုချင်တာ ဖြစ်ပါတယ်။
ကောင်းမွန်တဲ့အလားအလာဖြစ် အကယ်၍ နှစ်နိုင်ငံအစည်းအဝေးသာမလုပ် ဖြစ်ခဲ့ပါက အမေရိကန်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားနိုင်ငံအပေါ် နောက်ထပ်စီးပွားရေးပိတ်ဆို့မ ၃၀ဝ ထက်မနည်း ချမှတ်နိုင်မှာပါ။ သို့သော်လည်း အဲဒီအစီအစဉ်ဟာ နှစ်နိုင်ငံသမိုင်းဝင် အစည်းအဝေး ကျင်းပနိုင်ခဲ့ခြင်းကြောင့် သဲထဲရေသွန် ရေထဲအရုပ်ရေးသလိုဖြစ်ခဲ့ပါတယ်။ အမေရိကန်က မြောက်ကိုရီးယားနိုင်ငံကို ချမှတ်ခဲ့တဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကိုလည်း တဖြည်းဖြည်းနဲ့ ဖယ်ရှား ပေးသွားမှာဖြစ်ပါတယ်။
နှစ်နိုင်ငံသမိုင်းဝင် ထိပ်သီးအစည်းအဝေး ပြုလုပ်နိုင်ခဲ့တဲ့ အကျိုးရလဒ်ကြောင့် နျူကလီးယား ဒုံးကျည်ထိပ်ဖူး ၂၄ ခုထက်မနည်း ပိုင်ဆိုင်ခဲ့တဲ့ မြောက်ကိုရီးယားဟာ အမေရိကန်ကို ချိန်ရွယ်ပစ် လွှတ်နိုင်မယ့် တိုက်ချင်းပစ် နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တည်ဆောက်ခြင်းကို ပိတ်သိမ်းလိုက်မယ် လို့ကြားသိရတာဟာ နျူကလီးယားစစ်ပွဲဖြစ်ပွားခြင်းကို ရှောင်ရှားပြီး
ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကောင်းမွန်တဲ့အလားအလာပဲ ဖြစ်ပါတယ်။
နှစ်နိုင်ငံကြား ကဏ္ဍသစ်တွေ ဆောင်ရွက်နိုင်တော့ မယ် “ယနေ့ ကျွန်တော်တို့နှစ်နိုင်ငံအနေနဲ့ သမိုင်းဝင်မယ့် ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်နိုင်ခဲ့ပြီး အတိတ်ကို အတိတ်မှာပဲထားခဲ့ဖို့ သဘောတူခဲ့ပါတယ်။ သမိုင်းတွင်မယ့် စာချုပ်တစ်ခုကိုလည်း လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ အခုလို အစည်းအဝေး ပေါ်ပေါက်လာခဲ့တဲ့အတွက်လည်း အမေရိကန် သမ္မတထရမ့်ကို ကျေးဇူးတင်ပါတယ်။
ထို့အတူ ကမ္ဘာကြီးအနေနဲ့ အဓိကပြောင်းလဲမှုတွေကို တွေ့မြင်ရတော့မှာဖြစ်ပါတယ်” ဟု မြောက်ကိုရီးယား ခေါင်းဆောင်က ပြောခဲ့ပါတယ်။
“အဲဒီစာချုပ်ဟာ အလွန်အရေးကြီးပါတယ်။ အတော်လေး ပြည့်စုံကျယ်ပြန့်တဲ့ စာချုပ်လည်း ဖြစ်ပါတယ်။ အတိတ်ကို အတိတ်မှာထားခဲ့ပြီး နှစ်နိုင်ငံကြား ကဏ္ဍသစ်တွေကို စတင်ဆောင်ရွက် နိုင်တော့မှာပါ” ဟု အမေရိကန်သမ္မတထရမ့်က ပြောခဲ့ပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ကိုရီးယားကျွန်းဆွယ် လုံးဝနျူကလီးယားကင်းစင်ဖို့ လုပ် ဆောင်မယ်ဆိုတဲ့အကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်က နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့တဲ့ ပူးတွဲသဘောတူညီချက်မှာ ပြောခဲ့ပါတယ်။ နှစ်နိုင်ငံ လက်မှတ်ရေထိုးပွဲပြီးတဲ့နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဘေးမှာရပ်ပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ဖို့ ကျွန်တော်တို့ နောက်ထပ် အများကြီး တွေ့ဖို့ရှိသေးတယ်လို့ ပြောခဲ့ပါတယ်။
တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွေ ဆိုခဲ့တဲ့အတိုင်းပဲ သူတို့နှစ်နိုင်ငံဟာ အများကြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး အခုတစ်ကြိမ်မှာတော့ ဒုတိယအကြိမ် ဆွေးနွေးမှုတောင် လုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒါဟာ နှစ်နိုင်ငံ နျူကလီးယားအရေးမှာ အထူးသဖြင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးမှာ တိုးတက် ပြောင်းလဲမှုဖြစ်စဉ်ပဲဖြစ်ပါတယ်။ အခုဆွေးနွေးမှုကိုတော့ နိုင်ငံတကာလေ့လာဆန်းစစ်သူတွေက စောင့်ကြည့်နေကြပြီး ဘာတွေထပ်မံတိုးတက်ဖြစ်ပေါ်လာမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်နေ ကြပါတယ်။
ဟုတ်ပါတယ်။ သူတို့နှစ်နိုင်ငံဟာ အတိတ်တစ်ချိန်တုန်းက တစ်ဖက်နဲ့ တစ်ဖက်ကြား အမုန်းတွေ ပွားခဲ့ကြပါတယ်။ ကမ္ဘာကြီးမှာ ညှိနှိုင်းဆွေးနွေး လို့မရတဲ့အရာဆိုတာ မရှိနိုင်ပါဘူး။ အချိန်ယူပြီး တဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်သွားမယ်ဆိုရင် တစ်နေ့နေ့တော့ လိုချင်တဲ့ ခရီးဆုံးပန်းတိုင်ကို ရောက်စမြဲပါ။ အခုလက်ရှိအချိန်မှာတော့ အားလုံးဟာ အဆင်မပြေသေးပေမယ့် တစ်ချိန်ချိန်မှာ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ အရင်တုန်းက နျူကလီးယားစစ်ပွဲတောင်ဖြစ်မယ်လို့ ထင်ကြေးပေးခဲ့တဲ့ နိုင်ငံနှစ်နိုင်ငံဟာ အခုတော့လည်း သူတို့ မဟုတ်သလိုပါပဲ။ ။
ကိုးကား-အေအက်ဖ်ပီ
ထွန်းသစ်စ