၂၄ ဇွန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းထံ စာတစ်စောင်ပေးပို့ခဲ့ကြောင်းနှင့် နျူကလီးယားကင်းစင်ရေးအတွက် ဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို က ဆိုသည်။
ကင်ဂျုံအန်းသည် ထရန့်ထံမှ ပုဂ္ဂိုလ်ရေးစာတစ်စောင်ကို လက်ခံရရှိခဲ့ပြီး ထိုစာတွင်ပါဝင်သည့် စိတ်ဝင်စားဖွယ်အကြောင်းအရာနှင့်ပတ်သက်ပြီး လေးလေးနက်နက် စဉ်းစားသွားမည်ဖြစ်ကြောင်း မိုက်ပွန်ပီအို ၏ ပြောကြားချက်ကိုကိုးကားပြီး မြောက်ကိုရီးယားနိုင်ငံပိုင် ကိုရီးယားဗဟို သတင်းအေဂျင်စီက ယမန်နေ့က သတင်းဖော်ပြခဲ့သည်။
မိုက်ပွန်ပီအို က ထိုစာတစ်စောင်သည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ အရေးကြီးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်ရန် အခြေခံအုတ်မြစ်ကောင်းတစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။
ထရန့် က ကင် ဆီကို စာတစ်စောင်ပေးပို့ခဲ့သည်ဟု အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဆာရန်း ဆမ်ဒါ က အတည်ပြုပြောကြားခဲ့သော်လည်း ယင်းစာပါ အကြောင်းအရာနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
ပြီးခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲ မတိုင်မီက ထရန် နှင့် ကင် တို့ နှစ်ဦးစလုံး ပုဂ္ဂိုလ်ရေးစာပေးစာယူမှုများ အပြန်အလှန်ရှိခဲ့ကြသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို