mdn

သတင်းဆောင်းပါး - နှင်းလဲ့ (ဟိုတယ်/ခရီး)

 

ယမန်နေ့မှအဆက်

 

ကျေးလက်ခရီး

 

ဆိုးလ်မြို့၏ မြို့ ပြနေရာတော်တော် များများသို့ သွားရောက်လည်ပတ်ပြီးနောက် မြို့နှင့် အနီးအနားရှိ ကျေးလက် တောရွာများသို့ သွားရောက်လေ့လာခဲ့ရသည်။ ကိုရီးယားနိုင်ငံ၏ လူဦးရေပိရ မစ်ဖွဲ့စည်းပုံအရ သက်ကြီးပိုင်း လူဦးရေပမာဏသည် ကြီးမားလှသောကြောင့် ၎င်းတို့နေထိုင်ရာ ကျေးလက်ဒေသဖွံ့ ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးရေး၊ မြို့ပြများရှိ လူဦးရေသိပ်သည်းမှုကို လျှော့ချရေး၊ ကျေးလက်နှင့် မြို့ပြ ဆင်းရဲချမ်းသာကွာခြားမှု လျှော့ချ ရေးတို့သည် နိုင်ငံ၏ရည်မှန်းချက်များဖြစ်သည်ကို တွေ့ရသည်။ ကိုရီးယားနိုင်ငံအစိုးရက ကျေးရွာများတွင် လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းတွင် ပါဝင်လာစေရေးနှင့် ကျေးရွာများ ရှိ ယဉ်ကျေးမှုအမွေအနှစ်နှင့် သဘာဝအရင်း အမြစ်များကို ထိန်းသိမ်းရန် ရည်ရွယ်၍ Rural Tourism Policies များချမှတ်ကာ စိုက်ပျိုး ရေး၊ အစားအစာနှင့် ကျေးလက်ရေးရာဝန်ကြီး ဌာနနှင့် ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနတို့ ပူးပေါင်း၍ကျေးလက် ခရီးသွားလုပ်ငန်း စီမံကိန်းများအတွက် ကျေးရွာများတွင် နယ်မြေများသတ်မှတ်ကာ အကောင် အထည်ဖော်လျက်ရှိသည်။

 

ဆိုးလ်မြို့မှ တစ်နာရီခွဲကြာသွားရသော ကျေးလက်ခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဆူမီရွာကလေး (Soomy Village) သို့ လက်တွေ့သွားရောက် ခွင့်ကြုံခဲ့သည်။ ရွာသို့လာရောက်သော ခရီးသွား ဧည့်သည်များအား ကျေးလက်ရွာသူရွာသားများ လုပ်ဆောင်လေ့ ရှိသည့် လယ်ယာစိုက်ပျိုးခြင်း၊ သစ်အယ်သီးကောက်ခြင်း၊ ဒေသထွက် ပစ္စည်းများသုံး၍ Pizza ပြုလုပ်ခြင်း၊ ကိတ်မုန့် ဖုတ်ခြင်း စသည့် အစီအစဉ်များ၌ ခရီးသွားများ ကိုယ်တိုင် ပါဝင်ပြုလုပ်စေခြင်းဖြင့် 6th Indu-stry Practice (Agricultural Product + Manufacturing + Service)ကို ပေါင်းစပ်အသုံးပြုကာ မတူညီသော အတွေ့ အကြုံများပေးစွမ်းနိုင်သည့် ခရီးစဉ်လှုပ်ရှားမှု များဖြင့် ခရီးသွားများအပေါ် ဆွဲဆောင်လျက် ရှိသည်။ ကျေးလက်ရွာကလေးပင်ဖြစ်သော်လည်း နည်းပညာအသုံးချကာ ၎င်းတို့၏ကျေးလက်ခရီး သွားလုပ်ငန်းအကြောင်း ကြော်ငြာရန် ကိုယ်ပိုင် Website လွှင့်တင်ထားရှိခြင်း၊ လူမှုကွန်ရက် မီဒီယာများတွင် ကြော်ငြာခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။ ထို့ပြင် ဆိုးလ်မြို့တွင် နိုင်ငံအရပ်ရပ်မှ ပညာသင်ကြားနေသော ကျောင်းသားများအား ကျေးလက်ဒေသများသို့ ဖိတ်ခေါ်၍ Korea Rural Tourism Supporter Group ဖွဲ့စည်းကာ ၎င်းတို့၏ လူမှုကွန်ရက်မီဒီယာများတွင် ကြော်ငြာခြင်းဖြင့် ကျေးလက်ခရီးသွားလုပ်ငန်းကို မြှင့်တင်ကြော်ငြာ လျက်ရှိသည်ကိုလည်း တွေ့ရှိ ခဲ့ရသည်။

 

မြန်မာ့ကျေးလက်

 

မန်မာနိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံသည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး ကျေးလက် ဒေသများ ဖွံ့ ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏ တိုးတက်မှုအတွက် အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်နေပါသည်။ ထို့ပြင် ကျေးလက်များ တွင် သဘာဝအရင်းအမြစ်များ ပေါများပြီး မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအငွေ့အသက်များ အပြည့်အဝကျန်ရှိနေသည်ကို တွေ့ မြင်နိုင်သည်။ Rural Tourism  ကို ဖော်ဆောင်မှုတွင် ခရီးသွားများအနေဖြင့် ကျေးလက်ဒေသသို့ သွားရောက် လည်ပတ်ခြင်း၊ ရှုခင်းများကြည့်ရှုခြင်း စသည့် သမားရိုးကျနည်းလမ်းများဖြင့်သာ ထိုးဖောက် နေပြီး စိုက်ပျိုးမြေများနှင့် စိုက်ပျိုးရေးထုတ်ကုန် များထုတ်လုပ်မှုတွင် ခရီးသွားများကိုယ်တိုင် ပါဝင် လုပ်ကိုင်နိုင်သော အစီအစဉ်များ၊ ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်များမှတစ်ဆင့် ခရီးသွား များအား ဆွဲဆောင်ခြင်းနှင့် မြို့ပြနှင့် ကျေးလက် အပြန်အလှန်လည်ပတ်ခြင်းတို့တွင် အားနည်း နေသေးသည်။ ကျေးလက်ဒေသရှိ ပြည်သူများအား လယ်ယာစိုက်ပျိုးရေးမှ ရရှိသောဝင်ငွေအပြင် ခရီးသွား လုပ်ငန်းဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေ ရရှိစေရန် Rural Tourism ကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ပေးနိုင်လျှင် ကောင်းမည်ဟု တွေးမိသည်။

 

ဘူဆန် (သို့) ပင်လယ်ဆိပ်ကမ်းမြို့တော်

 

ဆိုးလ်မြို့တွင် သုံးပတ်ကျော်ကြာနေပြီးနောက် ကိုရီးယား၏ ပင်လယ်ဆိပ်ကမ်းမြို့တော် ဘူဆန်သို့ ခရီးဆက်ခဲ့ကြသည်။ ဆိုးလ်မြို့မှ ဘူဆန်သို့ လေးနာရီကြာ ကားစီးရပြီး မြေအောက်ရထား ဖြင့်သွားပါက သုံးနာရီကြာသွားရသည်။ ဆိုးလ်နှင့် မတူသည်မှာ ဘူဆန်သည် ဆိုးလ်မြို့လောက် လူမထူထပ်၊ ရာသီဥတုမှာလည်း ပင်လယ်နှင့် နီးသဖြင့် သင့်တင့်မျှတသည်။ ဘူဆန်၏ အဓိက စီးပွားရေးလုပ်ငန်းများမှာ ရေလုပ်ငန်း၊ စက်လှေ လုပ်ငန်းနှင့် ပင်လယ်စာပစ္စည်းများ ထုတ်လုပ် ရောင်းချခြင်းတို့ဖြစ်သည်။ ထို့ပြင် ဘူဆန်မြို့သည် က္ဘာ့အဆင့် (၅) ရှိ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ပြီး ကိုရီးယားနိုင်ငံ၏ ရေကြောင်းမြို့တော်ဖြစ်သည့် အပြင် အာရှတွင် အဆင့် (၄) ရှိသော ကွန်ဗင်းရှင်း မြို့တော် (City of Convention) လည်းဖြစ် သည့်အတွက် အစိုးရက ဘူဆန်တွင် နိုင်ငံတကာ ပွဲများ၊ ပြပွဲများ၊ အစည်းအဝေးပွဲများကို လက်ခံကျင်းပခြင်း၊ Busan Exhibition and Con-vention Center(BEXCO)  ကို တည်ဆောက်ခြင်း၊ ခရီးသွားဧည့်သည်များအတွက် ကြယ်ငါးပွင့် အဆင့်ရှိ အဆင့်မြင့်ဟိုတယ်များ၊ ဈေးဝယ် စင်တာများ၊ Theme Park နှင့် အပန်းဖြေ နေရာများ ပါဝင်သော Tourism Complex များ တည်ဆောက်၍ MICETourism City အဖြစ် ဖော်ဆောင်ရန် ကြိုးပမ်းလျက်ရှိ သည်။

 

နောက်နေ့တွင် ဘူဆန်ရှိ ခရီးသွားလုပ်ငန်း တက္ကသိုလ်များမှ ပါမောက္ခဆရာများနှင့် တွေ့ဆုံ ပြီး ဘူဆန်မြို့ရှိ ထင်ရှားသောနေရာများသို့ သွားရောက်လည်ပတ်ကြရသည်။ ဘူဆန်ရှိ ကိုရီးယား ပြည်တွင်းစစ်အတွင်း ဟောင်းနွမ်း ပျက်စီးလျက်ရှိသော အဆောက်အအုံများအား ခရီးသွား ဆွဲဆောင်နေရာများအဖြစ် ပြန်လည် ဆန်းသစ်ရာတွင် နာမည်ကြီးသည့် ဂယ်ချုံး ယဉ်ကျေးမှုရွာ Gamcheon Cultural Village)၊ ဘူဆန်၏ နာမည်ကြီးအစားအစာ များဖြစ်သော ကင်ချီနှင့် Fish Cake များ ထုတ်လုပ်ရောင်းချသောနေရာ၊ ပင်လယ်စာမျိုးစုံ ရရှိနိုင်သော ဂျာကာချီတံငါဈေး၊ ကိုရီးယား အမျိုးသားပန်းခြံများနှင့် Busan Exhibition and Convention Center (BEXCO) စသည့် ခရီးသွားဧည့်သည်များ မဖြစ်မနေ လည်ပတ်လေ့ရှိသော နေရာများဖြစ်သည်။ ဘူဆန်တွင် သုံးပတ်ကြာနေပြီးနောက် ကိုရီး ယားနိုင်ငံမှ လေ့လာခဲ့သမျှ အမိနိုင်ငံ ခရီးသွား လုပ်ငန်းဖွံ့ ဖြိုးရေးတွင် တစ်စိတ်တစ်ဒေသ အဖြစ် အကျိုးရှိအောင် ပြန်လည်အသုံးချမည့် လက်တွေ့ဆောင်ရွက်မှု (Action Plan) ကို နိုင်ငံအလိုက် Presentation ပြုလုပ်ရန် ပြင်ဆင်ကြရသည်။ အဆိုပါ Action Plan အတွက် မြိတ်ကျွန်းစု၏ ခရီးသွားလုပ်ငန်း အကြောင်း ရှင်းလင်းပြောပြရာတွင် ကိုရီးယားရှိ ပါမောက္ခများနှင့် အခြားသောနိုင်ငံများ၏ ကိုယ်စားလှယ်များက မြန်မာနိုင်ငံတွင် ယခုကဲ့သို့ လှပ၍ မပျက်စီးသေးသော ခရီးစဉ်ဒေသများ ရှိနေသည်ကို တွေ့ရ၍ ၎င်းတို့အနေဖြင့် စိတ်ဝင် စားကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသော အရင်း အမြစ်များကို စနစ်တကျ စီမံခန့်ခွဲအသုံးချပြီး ခရီးသွားလုပ်ငန်းအဖြစ် ဖော်ဆောင်မည်ဆိုပါက ခရီးသွားများ လာရောက်ကြ မည်ဖြစ်ကြောင်း အကြံပြုပြောကြားကြသည်။

 

အမိမြေအပြန်

 

နောက်ဆုံးနှုတ်ဆက်ပွဲတွင် ကိုရီးယားနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ သင်တန်း တစ်လျှောက် ကူညီဆောင်ရွက်ပေး ကြသောသူများ၊ တက္ကသိုလ်ပါမောက္ခများ တက်ရောက်ကာ ကျေးဇူးတင်စကားပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကြသည်။ တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ကြသည်။ ပြန်ခါနီးတွင် နိုင်ငံလေးနိုင်ငံမှ ကိုယ်စားလှယ်များ အချင်းချင်းလည်း တစ်ယောက် နှင့်တစ်ယောက် ရင်းနှီးချစ်ခင်စွာ ပွေ့ဖက်နှုတ်ဆက်ကြသည်။ နှစ်လတာ လေ့လာရေးခရီးစဉ် သင်တန်းကာလ အတွင်း အတူတူသွား၊ အတူတူလာ၊ အတူတူ ပျော်ခဲ့ကြရသဖြင့် မိသားစုသဖွယ် မခွဲနိုင်ဖြစ် ကြသည်။

 

မွန်းလွဲ ၂ နာရီတွင် ဆက်ဆံရေးအရာရှိက မြန်မာအဖွဲ့ကို အင်ချွန်းလေဆိပ်သို့ ပို့ဆောင်ရန် ကားဖြင့်လာခေါ်သည်။ ဟိုတယ်မှ လေဆိပ် သို့ သွားနေစဉ်အတွင်း ကိုရီးယားနိုင်ငံမှ ရရှိလာသော အသိပညာဗဟုသုတများကို အမိနိုင်ငံတွင် ပြန်လည်အသုံးချနိုင်မည်ဆိုလျှင် ခရီးသွား ဧည့်သည်များ အတွက် ဘေးကင်းလုံခြုံစိတ်ချ စွာနှင့် အမှတ်ရစေမည့် ခရီးသွားအတွေ့အကြုံ များကို ဖန်တီးပေးကာ နိုင်ငံသားများ၏ လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိသော ခရီးသွားလုပ်ငန်း ဖြစ်လာစေမည်ဟု ယုံကြည်မှု တစ်ပွေ့တစ်ပိုက်ဖြင့် ...။