လှည်းကူး    ၂၇ မတ်     

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊   ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး တိုးဂိတ်အနီးရှိ  ဓမ္မရံသီမိုးကုတ်ရိပ်သာကျောင်းတိုက်သို့ ကိုရီးယားနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား Quarantine(၁၄)ရက်  စောင့်ကြည့်ရန် မတ် ၂၇ ရက် နံနက် ၄ နာရီ ၃၃ မိနစ်က ပို့ဆောင်ထားရှိကြောင်း သိရသည်။

အဆိုပါ ကိုးရီးယားနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား ဘိုဘိုအောင်(၂၈)နှစ် အမှတ် (၃/၇၀-ဘီ)၊ ပတ္တမြားလမ်း၊ ရပ်ကွက်ကြီး(၂)၊ ပဲခူးမြို့နေအပါအဝင် ကျား(၉၀)ဦး၊ မ(၃)ဦး၊ ကိုရီးယားနိုင်ငံသား  ကျား(၂)ဦး၊  စုစုပေါင်း(၉၅)ဦး တို့အား Coronavirus Disease 2019( COVID -19) ကာကွယ်စောင့်ရှောက်ထိန်းသိမ်းရန်နှင့် ကျန်းမာရေးအခြေအနေအား   Quarantine(၁၄)ရက်  စောင့်ကြည့်ရန် စုစုပေါင်း(၉၅)ဦးအား ရန်ကုန်လေဆိပ်မှ  အဆိုပါကျောင်းတိုက်သို့ အသီးသီးပို့ဆောင်ခဲ့ရာ  ဓမ္မရံသီမိုးကုတ်ရိပ်သာ ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တသုနန္ဒမှ လက်ခံ၍ ကျောင်းတိုက်ရှိ ဓမ္မစာရီယောဂီ ကျောင်းဆောင်-၂၊ (၄)ထပ် ဆောင်တွင်ထားရှိကြောင်း သိရသည်။

 

a

 

ရောက်ရှိလာသူများ၏   ကျန်းမာရေးအခြေအနေအား စောင့်ကြည့်ပေးရန် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး  ဒေါက်တာရန်နိုင်ဆွေနှင့်   ကျန်းမာရေးဝန်ထမ်းများမှ စောင့်ကြည့်ပေးလျှက်ရှိပြီး၊ လှည်းကူးမြို့မရဲစခန်းမှ ဒုရဲအုပ်ထွန်းလွင်ဦးအပါအဝင်  အဖွဲ့ဝင်(၆)ဦး၊ မြို့နယ်  မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူးဦးတင်မျိုးလွင်အပါအဝင်  (၄)ဦးတို့မှ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်း (လှည်းကူး)