မိုးညှင်း ၁၈ အောက်တိုဘာ
ကိုရီးယားနိုင်ငံ (KOPIA Project) ၏ ပံပိုးကူညီမှုနှင့် မိုးညှင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး သုတေသနအရာရှိ ဦးမြင့်သောင်းနှင့်စိုက်ပျိုးရေးတောင်သူများ စက်တင်ဘာလ ၂၅ ရက်နေ့မှအောက်တိုဘာ ၄ ရက်နေ့အထိ စိုက်ပျိုးရေးနည်းပညာဆိုင်ရာ လေ့လာရေးသွားရောက်ခဲ့သည့် အတွေ့အကြုံများပြန်လည်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မိုးညှင်းမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနခြံ၌ ကျင်းပသည်။
ရှေးဦးစွာ မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက အဖွင့်အမှာစကားပြောကြားပြီး၊ မိုးညှင်းစိုက်ပျိုးရေးသုတေသနခြံမှ သုတေသနအရာရှိ ဦးမြင့်သောင်းက ကိုးရီးယား ခရီးစဉ်ဖြစ်ပေါ်လာပုံအား အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကိုးရီးယားခရီးစဉ်အတွင်း အတူလိုက်ပါသွားသည့် စစ်ကိုင်းတိုင်း၊ ကသာခရိုင်ထီးချိုင့်မြို့နယ်မှ စိုက်ပျိုးရေးပညာရှင် ဦးရဲမင်းသန့်က ခရီးစဉ်အတွင်းတွေ့ကြုံခဲ့သည့် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ခေတ်မီနည်းပညာများ၊ ကိုးရီးယားနိုင်ငံရှိတောင်သူများ၏ စိတ်ဓာတ်နှင့်အတု ယူဖွယ်ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်နောက် သုတေသနစိုက်ပျိုးရေးခြံအတွင်း အောင်မြင်ဖြစ်ထွန်းနေသည့် သုတေသန စမ်းသပ်စိုက်ကွက်များ၊ မျိုးသန့်စိုက်ခင်းများအားအခမ်းအနား တက်ရောက်လာသည့် လွှတ်တော်ကိုယ် စားလှယ်တော်ကြီးများနှင့်ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား သက်ဆိုင်ရာ သီးနှံတာဝန်ခံများကလိုက်လံရှင်းပြခဲ့ကြသည်။
((KOPIA Project) ၏ ပံပိုးကူညီမှု မိုးညှင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုတေသနအရာရှိ နှင့်အတူ စိုက်ပျိုးရေး တောင်သူများ ကိုးရီးယားနိုင်ငံသို့ စိုက်ပျိုးရေးနည်းပညာဆိုင်ရာ လေ့လာရေးသွားရောက်ခဲ့သည့် ယခုခရီးစဉ်သည် တတိယအကြိမ်သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပြီး မိုးညှင်းမြို့နယ်မှ တောင်သူ (၅)ဦး၊ ၂၀၁၇ခုနှစ်စက်တင်ဘာတွင် ပထမအကြိမ်အဖြစ် တောင်သူ (၃)ဦး နှင့် ဒုတိယအကြိမ်အဖြစ် ၂၀၁၈ခုနှစ် အောက်တိုဘာတွင် တောင်သူ (၅)ဦးတို့အား စိုက်ပျိုးရေးနည်းပညာဆိုင်ရာ လေ့လာရေးခရီးဖြစ် ကိုးရီးယားနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ဦးမြင့်သောင်းထံမှသိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


