ဘားအံ၊ ၁၆ ဒီဇင်ဘာ

 

ကရင်ပြည်နယ်အတွင်း ကိုဗစ်-19 ရောဂါ ခံစားနေရသော ပြည်သူများအတွက် အာဆီယံ+၃ အရေးပေါ် အရန်ဆန်ရိက္ခာ (APTERR-Asian Plus Three Emergency Rice Reserve) အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံအစိုးရမှ လှူဒါန်းသော ဆန်ရိက္ခာ ၅၃ တန်နှင့်ညီမျှသော ဆန်အိန် ၁၃၂၅ အိတ်အား ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ ကရင်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

လွှဲပြောင်းပေးအပ်ပွဲတွင် ပြည်နယ်စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးသန်းထိုက်က APTERR အဖွဲ့ ဖွဲစည်းထားရှိမှုနှင့် ထောက်ပံ့လှူဒါန်းမှုများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ဆန်တန်ချိန် ၅၃ တန်အား ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်ဝန်ကြီး ဦးစောမြင့်ဦးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ ဆန်အိတ်များအား ဘားအံမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ စည်ပင်သာယာရေးအဖွဲ့ ခန်းမ၌ သိုလှောင်ထားရှိကာ မြို့နယ်များသို့ ခွဲဝေထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)