နေပြည်တော်  ၁၈  ဧပြီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ဧပြီ ၁၇ ရက် နံနက် ၇ နာရီခွဲတွင် ပြုလုပ်ခဲ့သော webinar စနစ်ဖြင့်ပြုလုပ်ခဲ့ပြီး အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်း ဆောင်ရွက်နေသည့် ပညာရှင်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု အတွေ့အကြုံများ ဝေမျှမှု အစည်းအဝေးသို့ တက်ရောက်သည်။

 

ရှေးဦးစွာ ကိုရီးယားသမ္မတနိုင်ငံ Institute for Global Engagement & Empowerment at Yonsei University ၏ ဥက္ကဋ္ဌ Professor SOHN Myongsei က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုကဲ့သို့ ကိုရီးယားသမ္မတနိုင်ငံ၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းများကို ငွေကြေးနှင့် စွမ်းအားစုများအား အကျိုးရှိထိရောက်စွာနှင့် စွမ်းရည်မြင့်မားစွာ ဆောင်ရွက်ခဲ့သည့် နည်းဗျူဟာများ (cost effective and efficient measures)၊ အချိန်နှင့် တစ်ပြေးညီ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ခဲ့မှု (time efficient and responsive) များ စသည့် အတွေ့အကြုံများကို ဝေမျှကာ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးခြင်းသည် မိမိတို့ နိုင်ငံအတွက်သာမက ယခု အစည်းအဝေးသို့ တက်ရောက်လာသော အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများအတွက်လည်း အကျိုးရှိစေမည် ဖြစ်ပါကြောင်း၊

 

•    မိမိတို့မြန်မာနိုင်ငံအနေဖြင့် COVID-19 ဖြစ်ပွားသူဦးရေ ရုတ်ချည်းတက်မလာစေရန်၊ ရောဂါဖြစ်ပွားသူထံမှ အခြားသူများထံ ရောဂါကူးစက်မှုမရှိစေရန် ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အစွမ်းကုန် တတ်နိုင်သမျှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

•    မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့်မတူသော ထူးခြားသည့် အခြေအနေတစ်ခုမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ် နေသော မြန်မာနိုင်ငံသားများ ထောင်သောင်းချီ၍ ပြန်လည်ဝင်ရောက်လာမှုများရှိနေ၍ ထိုသူများမှ တစ်ဆင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေရခြင်းသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါကြောင်း၊

 

•    ဤစိန်ခေါ်မှုကို ကျော်လွှားနိုင်ရန် ပြည်သူများ၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ လူမှုအဖွဲ့အစည်းများ အားလုံးပူးပေါင်း၍ ဆောင်ရွက်နေသည်ကို အသိပေးပြောကြားလိုပါကြောင်း၊

 

•    ထို့အပြင် ယနေ့ webinar အစည်းအဝေးသို့ တက်ရောက်လာသော အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများမှ အတွေ့အကြုံများသည် နိုင်ငံအားလုံးအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း၊

 

•    ယခု webinar အစည်းအဝေး၌ တင်ပြဆွေးနွေးသည့် presentation များကိုလည်း ပြန်လည် မျှဝေစေလိုပါကြောင်း ပြောကြားသည်။

 

Graduate School of Public Health ၏ Dean Professor Jonguk Won က လက်ရှိ ကိုရီးယားသမ္မတနိုင်ငံ၏ ရောဂါနှင့် ပတ်သက်သည့် အခြေအနေများ (Current situation of Korea) နှင့် ရောဂါများကို မည်သည့် မည်ပုံနည်းဖြင့် ထိန်းချုပ်နေသည် ကိုလည်းကောင်း၊

 

Yonsei University မှ Professor So Yoon Kim က အမျိုးသားအဆင့် စီမံခန့်ခွဲမှုနှင့် ပြည်သူများထံ ဆက်သွယ်ပြောကြားမှု (National management and public communication) ကိုလည်းကောင်း၊ 

 

Yonsei University မှ Professor Lee, Hyuk Min က သံသယလူနာ ရှာဖွေဖော်ထုတ်မှု နည်းစနစ်နှင့် ဓာတ်ခွဲစစ်ဆေးမှု (testing and laboratory arrangement နှင့် identification of suspects) ကိုလည်းကောင်း၊

 

Yonsei University မှ Chairman Mr. Kyoung R.Lee ကမ္ဘာ့ကပ်ရောဂါအတွက် ဓာတ်ခွဲခန်းဆိုင်ရာ စွမ်းဆောင်ရည် များအား ကြိုတင်ပြင်ဆင်ခြင်း (preparation for pandemic laboratory competency) ကိစ္စရပ်များကိုလည်းကောင်း၊

 

Yonsei University မှ Professor H. Kim က ဓာတ်ခွဲအတည်ပြုလူနာများအား သီးခြားထားရှိကုသခြင်းနှင့် နီးကပ်ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်းပုံစံများ၊ သတင်းအချက်အလက်များရရှိရန် ဆောင်ရွက်သည့် ပုံစံများ၊ လူနာကုသမှုပိုင်းဆိုင်ရာ အကြောင်းအရာများ (Infected isolation and tracing of contacts management, data reporting system, patient classification and treatment နှင့် treatment procedures and methods and organization) ကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှ တာဝန်ရှိသူများက သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး Yonsei University မှ ပညာရှင်များက ပြန်လည်ဆွေးနွေး ဖြေကြားကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက -

 

•    ယခုကဲ့သို့ မေးမြန်းဆွေးနွေးခြင်းများသည် အကျိုးရှိပါကြောင်း၊

 

•    ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် rapid diagnostic test kit များ၏ အခန်းကဏ္ဍ၊

 

•    COVID-19 လူနာများတွင် ဗိုင်းရပ်စ်ပိုးပွားများ ထုတ်လုပ်မှုအချိန်ကာလ (Viral shedding duration)၊

 

•    ကိုရီးယားသမ္မတနိုင်ငံ၏ အတွေ့အကြုံနှင့် သုတေသနရလဒ်များတို့နှင့် ပတ်သက်၍ ကိုရီးယားသမ္မတနိုင်ငံမှ ပညာရှင်များကို မေးမြန်းသည်။

 

အဆိုပါ Webinar အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူး ချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးနှင့် တာဝန်ရှိသူများ၊ အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်း ဆောင်ရွက်နေသည့် ပညာရှင်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်