ညောင်ဦး ၁၂ နိုဝင်ဘာ
ကိုရီးယားသမ္မတနိုင်ငံ (Korea Cultural Heritage Foundation (KCHF) မှ Mr.Kim Dong Min ဦးဆောင်သောအဖွဲ့နှင့် ပုဂံဌာနခွဲမှ ပူးပေါင်းအဖွဲ့များဖြစ်သည့် အဆောက်အအုံပိုင်းဆိုင်ရာ လုပ်ငန်းအဖွဲ့၊ တူးဖော်ရေးလုပ်ငန်းအဖွဲ့နှင့် နံရံဆေးရေးပန်းချီပိုင်းဆိုင်ရာ လုပ်ငန်းအဖွဲ့တို့မှ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့်(ဘုရားသုံးဆူ) လုပ်ငန်းခွင်သို့ ပုဂံဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် ဦးဆောင်သောအဖွဲ့က နိုဝင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီတွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းထံက သိရသည်။
ကိုရီးယားပညာရှင် Mr. Kim Dong Min နှင့်အဖွဲ့က ပုဂံဌာနခွဲတာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်နှင့်အဖွဲ့အား (KCHF) အဖွဲ့နှင့် ပုဂံဌာနခွဲတို့ပူးပေါင်း၍ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်သည့် အဆောက်အအုံပိုင်းဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဘုရားသုံးဆူရှိ ဘုရားအမှတ်(၄၇၈)၏ ကွမ်းတောင်အထက်ပိုင်း ပျက်စီးနေမှုများအား မှတ်တမ်းများရယူခြင်းနှင့် ပုံဆွဲခြင်း၊ တူးဖော်ရေးလုပ်ငန်းအဖွဲ့၏ ဘုရားအမှတ်(၄၇၇)၏ အနီးရှိ သစ်ပင်အမြစ်မှ အရှေ့ဘက်ရင်ပြင်ကြမ်းခင်းအောက်သို့ သစ်မြစ်ထိုးဝင်ရောက်နေမှုအား သစ်မြစ်ဖြတ်တောက်နိုင်ရေးအတွက် ကြမ်းခင်းများအား စနစ်တကျဖယ်ထုတ်ခြင်း၊ နံရံဆေးရေးပန်းချီပိုင်းဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဘုရားအမှတ်(၄၇၉)၏ ကွမ်းတောင်ပိုင်းတွင် အင်္ဂတေကြံ့ခိုင်မှု ဆောင်ရွက်နေခြင်း အခြေအနေတို့ကို ယခင်လာရောက် ဆောင်ရွက်ထားရှိမှု အခြေအနေတို့နှင့် ပြန်လည်ချိတ်ဆက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မောင်မောင်ထိန် (ကျောက်ပန်းတောင်း)


