မြစ်ကြီးနား၊  ၂၈  ဒီဇင်ဘာ

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါရင်ဆိုင်ခံစားနေရသော ပြည်သူများနှင့် ၎င်းတို့၏မိသားစုများ အတွက် အာဆီယံအပေါင်း (၃) အရေးပေါ်ဆန်ရိက္ခာ (APTERR) အစီအစဉ်အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာ(၄၈)တန်အား ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန်ရိက္ခာများအား ကချင်ပြည်နယ်အတွင်း ပိုးတွေ့လူနာနှင့် ၎င်းတို့၏မိသားစုဝင် (၄၈၀၀)ဦးအတွက် ခွဲဝေထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ပိုးတွေ့အတည်ပြုလူနာ (၃၅၇)ဦးနှင့် မိသားစုဝင် (၈၇၂)ဦး၊ စုစုပေါင်း (၁၂၂၉)ဦးတို့အား စတင်ထောက်ပံ့ပေးသွားမည်ဖြစ်ကာ ကျန်ရှိသည့်ဆန်အိတ်များကိုလည်း စနစ်တကျသိုလှောင်ထားပြီး ထပ်တိုးပိုးတွေ့လူနာများကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောပြသည်။

အာဆီယံအပေါင်း (၃) အရေးပေါ်ဆန်ရိက္ခာ (APTERR)အစီအစဉ်အရ ၂၀၂၀ ပြည့်နှစ်အတွင်း ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် (၆၀၀)အနက် ကချင်ပြည်နယ်မှ ဆန်တန်ချိန် (၄၈)တန် (40 kg ဆန်အိတ်ပေါင်း ၁၂၀၀ အိတ်)ကို လက်ခံရရှိခြင်းဖြစ်ကြောင်း သိရသည်။

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)