စစ်တွေ ၂၂ ဇန်နဝါရီ 

 

အာဆီယံအပေါင်း ၃ အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသည့် ဆန်တန်ချိန် ၂၅၀ အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

552

 

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက “ပြည်ထောင်စုအစိုးရ အနေနဲ့ရော၊ ပြည်နယ်အစိုးရအနေနဲ့ရော ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ပြောင်းလဲအောင် ကြိုးစားနေပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုရအောင် ဒီထက်ပိုပြီး ဆောင်ရွက်သွားမှာပါ။ ကိုရီးယားနိုင်ငံအနေနဲ့လည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ပြိုင်တည်း လုပ်တယ်ဆိုတာတောင် ဖွံ့ဖြိုးတိုးတက်မှုကိုဦးစားပေးလုပ်ဖို့ ဆုံးဖြတ် ထားပါတယ်။

 

ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ တည်ငြိမ်အေးချမ်းလာမယ်လို့ ယုံကြည်ပါတယ်။ မတည်မငြိမ်ဖြစ်နေတယ် ဆိုတာကလည်း ရခိုင်ပြည်နယ်ရဲ့ ဒေသအစိတ်အပိုင်းတစ်ခုပါ။ ဒါကိုလည်း ပြောချင်ပါတယ်။ အခုလှူဒါန်းတဲ့ဆန်တွေကို လိုအပ်တဲ့နေရာတွေ၊ လိုအပ်တဲ့လူတွေဆီ ရောက်အောင် ပို့ပေးသွားမှာဖြစ်ပါတယ်။ မှန်မှန်ကန်ကန် သုံးစွဲနိုင်အောင်လည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Mr. Lee Sang Hwa က ဆန်တန်ချိန် ၂၅၀ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ပြောကြားသည်။


ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက အာဆီယံအပေါင်း ၃ အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်(၃)အရ ကိုရီးယားသမ္မတနိုင်ငံမှ ရခိုင်ပြည်နယ်အတွက် ဆန်တန်ချိန် ၂၅၀ လှူဒါန်းနိုင်ရေး ဆောင်ရွက်ပေးခဲ့မှုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက်  ကိုရီးယားသံအမတ်ကြီးက ဆန်တန်ချိန် ၂၅၀ ကို ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးညီပုက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ယင်းနောက် ရခိုင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးကျော်လွင်က ဆန်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။ 

 

ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အတွက် ၂၀၁၇ ခုနှစ်တွင် ဆန်တန်ချိန် ၂၆၇ တန်ကိုု လှူဒါန်းခဲ့ပြီး ယခုဆန်တန်ချိန် ၂၅၀ ကို ထပ်မံလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားအပြီး ဝန်ကြီးချုပ်ဦးညီပုသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Mr. Lee Sang Hwa နှင့် အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ တွေ့ဆုံပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

 

မျိုးမြင့်(သတင်းစဉ်)၊ ဓာတ်ပုံ- မင်းထက်