ဆိုးလ် ၂၃ ဇွန်

 

ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေခြင်းကြောင့် နိုင်ငံတကာလေကြောင်းလိုင်းများ ပျံသန်းမှု ယာယီရပ်ဆိုင်းထားသည့်ကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားနိုင်ငံအချို့တို့တွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်နေပြီး၊ မဖြစ်မနေ အပြီးပြန်လည်ထွက်ခွာရန် လိုအပ်နေသော မြန်မာနိုင်ငံသားများအား နဝမအကြိမ်ကယ်ဆယ်ရေးလေယာဉ် (Relief Flight)အဖြစ် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI)ဖြင့် ၂၃-၆-၂၀၂၀ ရက်၊ ၁၇၀ဝ နာရီအချိန်တွင် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

 

ယင်းကယ်ဆယ်ရေးလေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံရှိ မြန်မာနိုင်ငံသား (၅၇) ဦး၊ အမေရိကန်ပြည်ထောင်စု၊ နော်ဝေနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံတို့မှ လာရောက်လိုက်ပါသည့် မြန်မာနိုင်ငံသား (၃၇) ဦးနှင့် မြန်မာသင်္ဘောသား (၃၅) ဦး၊ စုစုပေါင်း (၁၂၉) ဦးတို့ လိုက်ပါသွားကြသည်။

 

ယင်းလေကြောင်းလိုင်းဖြင့် ထွက်ခွာမည့် မြန်မာနိုင်ငံသားများအနေဖြင့် လေယာဉ်စီးနင်း လိုက်ပါမည့်နေ့ရက်တွင် လေဆိပ်၌ တစ်စုံတစ်ရာအခက်အခဲ မဖြစ်ပေါ်စေရန်၊ ဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်နှင့် Transit ခရီးစဉ်အဖြစ် လိုက်ပါစီးနင်းမည့် နိုင်ငံသားများ အဆင်ပြေချောမွေ့စေရန်အတွက် သံအမတ်ကြီး ဦးဆောင်သော မြန်မာသံရုံးဝန်ထမ်းများမှ လေဆိပ်သို့ သွားရောက်ကာ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

Credit#နိုင်ငံခြားရေးဝန်ကြီးဌာန