ဆိုးလ် ဇူလိုင် ၁၆

 

ကိုရီးယားသမ္မတနိုင်ငံ ဆယ်ဂျုံးမြို့ရှိ S.J. Bio ကုမ္ပဏီသည် ၂၀၂၄ ခုနှစ်မှစတင်၍ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့သို့ အလှကုန်ပစ္စည်းများ တင်ပို့နိုင်ခဲ့ပြီး လက်ရှိအချိန်တွင် တရုတ်နှင့် ဂျပန်နိုင်ငံတို့သို့ တင်ပို့မှုအများဆုံး ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အာရှဈေးကွက်သို့ ဝင်ရောက်ရာတွင် မြန်မာနိုင်ငံနှင့် အဓိကလုပ်ဆောင်ရန် ရည်မှန်းထားကြောင်း၊ ကုမ္ပဏီသည် ကိုရီးယားနိုင်ငံ၏ နံပါတ်(၁) အလှကုန်ပစ္စည်း ထုတ်လုပ်သည့် Kolmar ပစ္စည်းများကို ဒုတိယအများဆုံး ထုတ်လုပ်ပေးသည့် ကုမ္ပဏီလည်းဖြစ်ပြီး ကိုယ်တိုင် Brand များကိုလည်း ထုတ်လုပ်ဖြန့်ချိလျက် ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် Mask ကို စတင်ထုတ်လုပ်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံသို့ ဝမ်သိန်း ၁၀၀၀ ဝန်းကျင်တန်ဖိုးရှိ Mask များကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

 

မြန်မာလူမျိုးများ၏ ကြိုးစားမှု၊ ရိုးသားမှု၊‌ လေ့လာအားကောင်းမှု၊ တတ်ကျွမ်းလွယ်မှု စသည့် အရည်အချင်းများကို အသိအမှတ်ပြုပြီး လက်ရှိအချိန်တွင် စက်ရုံ၌ မြန်မာအလုပ်သမား ၅၀ ကျော် ခန့်အပ်ထားရှိကာ ထပ်မံခန့်အပ်ရန်လည်း လုပ်ဆောင်လျက်ရှိကြောင်းနှင့် အလုပ်သမားများအတွက် ရပိုင်ခွင့်များကိုလည်း တည်ဆဲအလုပ်သမားဥပဒေများနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မြန်မာသံရုံး၊ ဆိုးလ်မှ သံရုံးယာယီ တာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင် နှင့် မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဝင့်သူတို့သည် ဇူလိုင် ၁၄ ရက် က S.J.Bio စက်ရုံသို့ သွားရောက်လေ့လာခဲ့ပြီး စက်ရုံရှိ မြန်မာနိုင်ငံသား ၅၀ ကျော်အား တွေ့ဆုံ၍ သံရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီးက မြန်မာနိုင်ငံသားများ၏ ကြိုးစားမှု၊ တတ်ကျွမ်းလွယ်မှု၊ စည်းကမ်း ကောင်းမှုတို့ကို S.J. Bio Co., Ltd. ၏ CEO Mr. Shin Hang-cheol က ပြောပြပါကြောင်း၊ ယင်းဂုဏ်သတင်းများကို တန်ဖိုးထားပြီး တိုးချဲ့မည့်လုပ်ငန်းများတွင် မြန်မာအလုပ်သမားများ ထပ်မံ တိုးမြှင့်ခေါ်ယူသွားလိုကြောင်း သိရှိရသည့်အတွက် အခွင့်အလမ်းရှိသော နေရာတစ်ခုဟု သတ်မှတ်နိုင်ပါကြောင်း၊ ထိုသို့ ရရှိသောအခွင့်အလမ်းကို အခွင့်အရေးအဖြစ် ကောင်းမွန်စွာ အသုံးချနိုင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကုမ္ပဏီ CEO က မြန်မာနိုင်ငံသားများအနက် ထူးချွန်သည့် ဝန်ထမ်း သုံးဦးအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး မြန်မာသံရုံးနှင့် စစ်သံရုံးတို့၏ မေတ္တာ လက်ဆောင် မြန်မာအစားအစာများကို အလုပ်သမားများထံ တစ်ဦးချင်းစီအတွက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မောင်မျိုး