၁၇ စက်တင်ဘာ
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို တီထွင်ရန် ထရန့်အစိုးရ၏ ကြိုးပမ်းမှုများသည် အခြေအနေ ကောင်းလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုအတွက် ကာကွယ်ဆေးများ တစ်ပတ်အတွင်း ရရှိမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။
အင်္ဂါနေ့က ထုတ်လုပ်လွှင့်သည် တီဗွီအစီအစဉ် တစ်ခုတွင် ထရန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ကာကွယ်ဆေးရရှိရန် နီးစပ်လာပြီဖြစ်ကြောင်း ကာကွယ်ဆေး ရရှိရန်အတွက် သုံးပတ် သို့မဟုတ် လေးပတ်အတွင်း ရရှိနိုင်တော့မည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထရန့် ပြောသည့် အချိန်ဇယားမှာ ဆေးဝါးစက်မှု လုပ်ငန်း အမှုဆောင်အရာရှိများ သို့မဟုတ် အခြား အစိုးရများမှ ခန့်မှန်းသည်ထက်ပိုပြီး အကောင်းမြင်သည့်ဘက် ရောက်နေသည်ဟု အမျိုးသား ဓာတ်မတည့်မှုရေးရာ အင်စတီကျုနှင့် ကူးစက်ရောဂါ ညွှန်ကြားရေးမှူး ဒေါက်တာအန်တိုနီ ဖော်စီက ပြောကြားခဲ့သည်။
ဆေးဝါးကုမ္ပဏီများအနေဖြင့် လုံခြုံရေး နှင့် ထိရောက်မှုအတွက် အကဲဖြတ်စစ်ဆေးမှု မပြုလုပ်မချင်း ကာကွယ်ဆေး မထိုးပေးရဟုလည်း ကျန်းမာရေး အာဏာပိုင်က ထည့်သွင်း ပြောကြားခဲ့သည်။
FDA နှင့် အခြားအာဏာပိုင်များ၏ ခွင့်ပြုချက်ကို ရယူနေရသည့်အတွက် ယခင်အစိုးရသည် ကာကွယ်ဆေး ရရှိရန် နှစ်ပေါင်းများစွာ အချိန်ယူ စောင့်ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။
ယခုနှစ်ကုန်ပိုင်းတွင် ကာကွယ်ဆေး အတည်ပြုချက်နှင့် အတူ လာမည့်နှစ်တွင် ကျယ်ပြန့်စွာ ဖြန့်ဖြူးနိုင်လိမ့်မည်ဖြစ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။
ထရန့်က နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နှိမ်နင်းရေးအတွက် ၎င်း၏ အောင်မြင်မှုကိုပြသလိုသဖြင့် အမေရိကန် ဆေးဝါးကုမ္ပဏီများကို နိုင်ငံရေးအရ ဖိအားပေးပြီး အရှိန်မြှင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်
