၁ စက်တင်ဘာ
တရုတ်နိုင်ငံ ဝူဟန်မြို့က ကျောင်းတွေအားလုံး ဒီနေ့ပြန်ဖွင့်ကြောင်း သိရပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး စတင်ခဲ့တဲ့ ဝူဟန်မြို့က မူလတန်းကြိုကျောင်းတွေ အပါအဝင် ကျောင်းတွေ အားလုံးကို (၇)လနီးပါး ပိတ်ထားခဲ့ရာမှ ဒီနေ့ ပြန်အဖွင့်မှာ ကျောင်းသူ၊ ကျောင်းသားတွေဟာ မျက်နှာဖုံးတွေ ဝတ်ဆင်ပြီး ကျောင်းပြန်လာတာကို တွေ့ရပါတယ်။
ဝူဟန်မြို့ရှိ မူလတန်းကြိုကျောင်း၊ မူလတန်းနဲ့ အလယ်တန်းကျောင်းပေါင်း ၂,၈၀၀ မှာ တက်ရောက်ပညာ သင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသား ၁.၄ သန်း ရှိကြောင်း၊ အထက်တန်းကျောင်းတွေကို တော့ မေလကတည်းက ပြန်ဖွင့်ပြီးကြောင်း သိရပါတယ်။
ကျောင်းသူ၊ ကျောင်းသားတွေ အားလုံးကို ကျောင်းအသွားအပြန်မှာ မျက်နှာဖုံး ဝတ်ဆင်ဖို့နဲ့ အများသုံး ဘတ်စ်နဲ့ ရထားတွေကို တတ်နိုင်ရင် မစီးဖို့ အကြံပြုထားပါတယ်။
ဒါ့အပြင် ဗိုင်းရပ်စ်ပိုး ပြန်လည်ကူးစက်ရင် ဘာတွေ ပြင်ဆင်ရမယ်ဆိုတာ သင်ကြားပေးရေး ညွှန်ကြားထားကြောင်း သိရပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုတွေကြောင့် နိုင်ငံတစ်ဝန်းက ကျောင်းတွေကို ဇန်နဝါရီလကုန် ကတည်းက ပိတ်ပင်ခဲ့ပေမယ့် တဖြည်းဖြည်း ပြန်ဖွင့်ပေးနေတာကို တွေ့ရပါတယ်။
ရှန်ဟိုင်းနဲ့ ပေကျင်းရှိ ကျောင်းတွေကို မေလမှာ ပြန်ဖွင့်ပေမယ့် ပေကျင်းမှာ လက်တလော ဗိုင်းရပ်စ်ပိုး ပြန်လည် ကူးစက်တဲ့အတွက် ကျောင်းတွေ ပိတ်ထားခဲ့ပါတယ်။ ပေကျင်းရှိ မူလတန်းကြိုကျောင်းတွေ အပါအဝင် ကျောင်းအားလုံးကို စက်တင်ဘာလ အတွင်းမှာ ပြန်ဖွင့်မယ်လို့ သိရပါတယ်။
ပေကျင်းက တာဝန်ရှိသူတွေက ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေ အားလုံးကို ကျောင်းဝန်း အတွင်းမှာ မျက်နှာဖုံး ဝတ်ဆင်ရမယ်လို့ ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံမှာ လတ်တလော ရက်တွေမှာ နိုင်ငံတွင်း ဗိုင်းရပ်စ် ကူးစက်မှု မရှိကြောင်း သိရပါတယ်။
MDN
ကိုးကား-AFP