၁၃  မတ်

 

COVID-19 ပြန့်နေတာက ထိန်းမနိုင်အောင်ဖြစ်နေတဲ့အချိန် လူတွေကြားထဲမှာလည်း အကြောက်တရားတွေ ပိုပြီးစိုးမိုးလာတယ်။ နှာစေး ချောင်းဆိုးတာ ဖျားတာဖြစ်တာနဲ့ကို သို့လောသို့လောတွေ ဖြစ်ကုန်ကြတယ်။ နှာစေးချောင်းဆိုးပြီး ဖျားတိုင်း ကိုရိုနာမဟုတ်နိုင်ဘူး။ သူ့ထက်အဖြစ်များတဲ့ အအေးမိနဲ့ တုပ်ကွေးရောဂါတွေ ဖြစ်နိုင်နေသေးတယ်။

 

ဒီတော့ ကိုရိုနာ၊ တုပ်ကွေးနဲ့ အအေးမိတာတွေကို ယေဘုယျအားဖြင့် ခွဲခြားလို့ရနိုင်မယ့်အချက်တွေ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကနေ COVID-19 ရှိနေတဲ့ လူနာပေါင်း ၅၅၀ဝ၀ ကို စမ်းသပ်စစ်ဆေးပြီးတဲ့နောက် အဖြစ်အများဆုံး ရောဂါလက္ခဏာတွေနဲ့ ဘယ်လောက်ပမာဏမှာ ဒီလက္ခဏာတွေရှိလဲဆိုတာကို ထုတ်ပြန်ပေးထားပါတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့

 

၁။ အဖျားရှိခြင်း (၈၈ ရာခိုင်နှုန်း)

၂။ ချောင်းခြောက်ဆိုးခြင်း (၆၈ ရာခိုင်နှုန်း)

၃။ နုံးချိခြင်း (၃၈ ရာခိုင်နှုန်း)

၄။ ချွဲသလိပ်များထွက်ခြင်း (၃၃ ရာခိုင်နှုန်း)

၅။ အသက်ရှူမဝခြင်း (၁၉ ရာခိုင်နှုန်း)

၆။ အရိုးအဆစ်များနာကျင်ခြင်း (၁၅ ရာခိုင်နှုန်း)

၇။ လည်ချောင်းနာခြင်း (၁၄ ရာခိုင်နှုန်း)

၈။ ခေါင်းကိုက်ခြင်း (၁၄ ရာခိုင်နှုန်း)

၉။ ချမ်းတုန်ခြင်း (၁၁ ရာခိုင်နှုန်း)

၁၀။ မူးဝေအော့အန်ခြင်း (၅ ရာခိုင်နှုန်း)

၁၁။ နှာစေးနှာပိတ်ခြင်း (၅ ရာခိုင်နှုန်း)

၁၂။ ဝမ်းလျှောခြင်း (၄ ရာခိုင်နှုန်း)

၁၃။ ချောင်းဆိုးသွေးပါခြင်း (၁ ရာခိုင်နှုန်း)

 

COVID-19 က အသက်ရှူလမ်းကြောင်း အောက်ပိုင်းကိုထိခိုက်တဲ့ ရောဂါဖြစ်တဲ့အတွက် ရောဂါလက္ခဏာအများစုက အဆုတ်နဲ့ ရင်ဘတ်တွေမှာခံစားရပါတယ်။ အအေးမိတာနဲ့ တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းမှာဖြစ်တဲ့အတွက် နှာစေး နှာပိတ်တာတွေ အရမ်းအဖြစ်များတယ်။ COVID-19 မှာလည်း ဖြစ်တတ်ပေမယ့် တခြားလက္ခဏာတွေနဲ့ယှဉ်ရင် ပမာဏနည်းတယ်။

 

COVID-19 ကူးစက်ခံရပြီးတဲ့နောက် ရောဂါလက္ခဏာတွေပြသဖို့အတွက် ပျမ်းမျှအားဖြင့် အများစုမှာ ငါးရက်လောက် ကြာနိုင်တယ်။ တချို့တွေ ပိုမြန်တယ်။ တချို့တွေကျနှေးတယ်။ အဲဒါကြောင့် ၂ ရက်ကနေ ၁၄ ရက်အတွင်းလို့ပြောထားတာ။ ခွဲထားတဲ့သူတွေကို ၁၄ ရက်စောင့်ကြည့်တယ်ဆိုတာက ရောဂါကူးစက်ခံရပြီးရင် လက္ခဏာတွေပြသဖို့အတွက် အကြာဆုံးအချိန်ကိုစောင့်တာပါ။

 

ဒီဗိုင်းရပ်စ်ဟာ အသစ်ဖြစ်တာကြောင့် ဘယ်သူ့ဆီမှာမှ ဒီဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့အတွက် ကိုယ်ခံအား မရှိပါဘူး။ အဲဒါကြောင့် ဆက်ပြီးပြန့်နေဦးမှာပါ။ သေဆုံးမှုနှုန်းက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ၃ ရာခိုင်နှုန်းရှိတယ်။ ရောဂါပြင်းထန်မှုနှုန်းက ကူးစက်ခံထားရသူတွေရဲ့ ၁၀ ရာခိုင်နှုန်းရှိတယ်။

 

အသက် ၆၀ အထက်တွေမှာ ကူးစက်ခံရရင် ပြင်းထန်ပြီး သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကင်ဆာနဲ့ အဆုတ်ရောဂါအခံတွေရှိရင် ပိုဆိုးတယ်။ ဗိုင်းရပ်စ်ကို မကူးစက်အောင်ကာကွယ်နည်းက အကောင်းဆုံးဖြစ်တဲ့အတွက်

 

– လက်ဆေးပါ။

– ဖျားနေတဲ့သူတွေနဲ့ ထိတွေ့တာရှောင်ပါ။

– မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တွေကိုထိတွေ့တာ မျက်နှာတွေကိုပွတ်သပ်တာ ရှောင်ပါ။

– လူအများကြီးကြား သွားတာလာတာရှောင်ပါ။

 

ကိုရိုနာ၊ အအေးမိနှင့် တုပ်ကွေးဘာကွာလဲ

 

အအေးမိ – အဖျားရှိတာရှား၊ ခေါင်းကိုက်တာရှား၊ ခန္ဓာကိုယ်အနည်းငယ်နာကျင်ကိုက်ခဲ၊ အနည်းငယ်နုံး၊ အလွန်အမင်း ပင်ပန်းမှုမရှိ၊ နှာစေးနှာပိတ်နှာချေအဖြစ်များ၊ လည်ချောင်းနာအဖြစ်များ၊ ချောင်းအနည်းငယ်ဆိုး၊ အသက်ရှူရခက်မှု မဖြစ်သလောက်ရှား။

 

တုပ်ကွေး– အပူချိန်မြင့်၊ ခေါင်းအလွန်ကိုက်၊ ကိုယ်လက်ကိုက်ခဲမှုများ ပြင်းထန်၊ မလှုပ်ချင် မကိုင်ချင်အောင်နုံးခွေ၊ အလွန်အမင်းပင်ပန်း၊ နှာစေးနှာပိတ်နှာချေ တစ်ခါတရံဖြစ်၊ လည်ချောင်းနာ အဖြစ်များ၊ ချောင်းပြင်းပြင်းထန်ထန်ဆိုး၊ အသက်ရှူရခက်မှု မဖြစ်သလောက်ရှား

 

COVID-19 – ကိုယ်ပူတာအဖြစ်များ၊ ခေါင်းကိုက်တတ်၊ ကိုယ်လက်များကိုက်ခဲတတ်၊ နုံးခွေတတ်၊ အလွန်ပင်ပန်းတတ်၊ နှာစေးနှာပိတ်နှာချေ အဖြစ်နည်း၊ လည်ချောင်းနာ အဖြစ်နည်း၊ ချောင်းဆိုးမှု အဖြစ်များ၊ အသက်ရှူရခက် ဒါက လက်ရှိအခြေအနေပါ။ ဆက်ပြီး အပြောင်းအလဲတွေရှိနေနိုင်ပါတယ်။

 

ရေးသားသူ Dr. Thurein Hlaing Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”