မန့်ဟီးရိုး ၂၉ ဇန်နဝါရီ 

နယ်စပ်မြို့ဖြစ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့အနေဖြင့် ကိုရိုနာအဆုတ်ရောင်ရောဂါ ကူးစက်ခြင်းမှ ကာကွယ်ရန် အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းမြတ်အောင်က မန့်ဟီးရိုးမြို့သည် နယ်စပ်ဒေသဖြစ်ပြီး တရုတ်ခရီးသွားများ လာရောက်လည်ပတ်သည့် တရုတ်နိုင်ငံ၊ နှစ်ပြည်တစ်ရွာ (မောင်နှမကျေးရွာ)နှင့် နီးကပ်စွာတည်ရှိခြင်းကြောင့် ဒေသခံပြည်သူအား ကိုရိုနာအဆုတ်ရောင်ရောဂါ ကူးစက်နိုင်မည်ကို စိုးရိမ်ရကြောင်း၊ သို့သော်လည်း ဇန်နဝါရီလ (၂၆)ရက်နေ့တွင် အဆိုပါနှစ်ပြည်တစ်ရွာ (မောင်နှမကျေးရွာ)ကို တရုတ်နိုင်ငံဘက်မှ ပိတ်ထားလိုက်သဖြင့် ရောဂါကူးစက်မှုအန္တရာယ်မှ ကင်းလွတ်နေသော်လည်း နှစ်နိုင်ငံဒေသခံပြည်သူများ၏ ကူးလူးဆက်ဆံမှုများ၊ သီးနှံများ သွားရောက်ရောင်းချမှုများနှင့် မြန်မာရွှေ့ပြောင်းလုပ်သားအများစု တစ်ပတ်ကတ်(၇ ရက်ကတ်)များ လာရောက်အဝင်/အထွက် ရိုက်နှိပ်ခြင်းများသာရှိပြီး တရုတ်နိုင်ငံသားများ ဝင်/ထွက်သွားလာမှု နည်းပါးနေသော်လည်း မိမိတို့မြို့အနေဖြင့် အမျိုးသားကျန်းမာရေးကို ဦးစားပေးအနေဖြင့် ဌာနဆိုင်ရာများအားလုံး လှုပ်ရှားဆောင်ရွက်မည့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန်၊ မန့်ဟီးရိုးမြို့ရှိ ကျေးရွာ(၁၉)ရွာတွင် အသိပညာပေး ဗွီနိုင်များစိုက်ထူခြင်း၊ ရပ်ကွက်/ကျေးရွာအတွင်း တစ်အိမ်တက် တစ်အိမ်ဆင်း ရှမ်းဘာသာဖြင့် ထုတ်ဝေသော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများနှင့် အသိပညာပေးဆောင်ရွက်မှုများကို သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

 

‌ေ

 

ဆက်လက်ပြီး ဒေါက်တာစိုင်းယီအောင်က ကူးစက်ရောဂါဖြစ်ပွားပါက ကုသနိုင်ရန်မလွယ်ကူသဖြင့် ကာကွယ်နည်းများဖြင့်သာ မိမိကိုယ်ကိုယ်မကူးစက်အောင် ထိန်းထားနိုင်မည်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် မဖြစ်ပွားအောင် ကျောင်းများ၊ ရပ်ကွက်/ကျေးရွာများသို့ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗွီနိုင်းများကို ရှမ်းဘာသာဖြင့် ရိုက်နှိပ်ထုတ်ဝေထားသဖြင့် မိမိတို့မှတစ်ဆင့် တစ်ခြားသူများကို လက်ဆင့်ကမ်းပြောကြားပေးနိုင်ရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် လက်ကမ်းစာစောင်ပါ အသိပညာပေးများကို ဖတ်ရှုလိုက်နာကြရန် ဆွေးနွေးခဲ့သည်။

ယင်းနောက် မြို့စခန်းမှူး ရဲအုပ်တင်အောင်စိုးက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းပါဝင်မှသာ မိမိတို့ဌာနဆိုင်ရာများ ဆောင်ရွက်မည့် လုပ်ငန်းများ အောင်မြင်မည်ဖြစ်သည့်အတွက် ဝိုင်းဝန်းကူညီကြရန်နှင့် အိမ်တိုင်းဖြန့်ဝေပေးသည့် အသိပညာပေး လက်ကမ်းစာစောင်များကို မိမိတို့အိမ်များတွင် အလွယ်တကူထားရှိပြီး အိမ်သားများအပြင် လာရောက်လည်ပတ်သည့် ဧည့်သည်များကိုပါ ဖတ်ရှုစေရေး ဆောင်ရွက်ထားရှိရန် တိုက်တွန်းပြောကြားခဲ့သည်။ 

ထို့နောက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဌာနဆိုင်ရာများအား တာဝန်များ အသီးသီးခွဲပေးခဲ့ကြောင်း သိရှိရသည်။

စန္ဒာ(ပြန်/ဆက်)