ရန်ကုန် ၁၈ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေး၊ ဈေးတာ၀န်ခံရုံး၊ ဈေးသာယာရေးအဖွဲ့၊ စံပြလူမှုကူညီရေး ပရဟိတလူငယ်အသင်း(ရန်ကုန်)တို့ ပူးပေါင်းပြုလုပ်သည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၇ နာရီက ဈေးသာယာရေးအဖွဲ့ရုံးရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်၀င်းက ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ အမျိုးသားရေးတာ၀န်တစ်ရပ်အနေဖြင့် ဝိုင်း၀န်းပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားပြီး ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဈေးသူ၊ ဈေးသားများ၊ ရပ်ကွက်ပြည်သူများအား ရောဂါနှင့်ပတ်သက်ပြီး ဖြစ်ပေါ်တတ်သော လက္ခဏာများ၊ ရောဂါကူးစက်တတ်သည့် နည်းလမ်းများနှင့် ရောဂါကာကွယ်ရမည့် နည်းလမ်းများ အသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဈေးသူ၊ ဈေးသားများ၊ ရပ်ကွက်ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ နံရံကပ်စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်း၊ လက်ဆေးနည်း သရုပ်ပြသခဲ့ကြပြီး အနောက်ပိုင်းခရိုင် ဈေးများဌာန ခရိုင်မှူး ဦးမောင်မောင်ဌေးက ဈေးသူ၊ ဈေးသားများအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန် ပြောကြားကာ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- တင်စိုး(မြန်မာ့အလင်း)


