မနီလာ  ၈ ဇွန်

ဖိလစ်ပိုင်နိုင်ငံက သန်းချီတဲ့ ကလေးကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး မရှိဘဲ ကျောင်းဝင်းထဲကို ပို့မှာ မဟုတ်ကြောင်း တာဝန်ရှိသူတွေက ဒီနေ့(တနင်္လာနေ့) က ကြေညာလိုက်သလို သင်ခန်းစာတွေကို ရုပ်မြင်သံကြားကနေ လွှင့်ထုတ်မယ်လို့ ပြောကြားပါတယ်။

 

ပြီးခဲ့တဲ့လက သမ္မတ ဒူတာတေးက ကျောင်းသူကျောင်းသားတွေ ပညာသင်နှစ်တွေ မပြီးဆုံးခဲ့ဘူးဆိုရင်တောင် ဗိုင်းရပ်စ်ပိုးကို နှိမ်နင်းရန်အတွက် သူတို့တတွေက  ကျောင်းပြင်မှာပဲ ရှိနေရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ပညာရေးဝန်ကြီး လီယိုနာ ဘရီအိုနီစ်က ဒီနေ့ထုတ်ပြန်ချက်မှာ သမ္မတရဲ့ ပြောဆိုချက်ကို ထောက်ခံပြီး မျက်နှာချင်းဆိုင်ရှိမယ့် စာသင်ခြင်းကို ဗိုင်းရပ်စ်ကာကွယ်ဆေး ရရှိသည့်တိုင် ရွှေ့ဆိုင်းထားမှာ ဖြစ်ကြောင်း၊ ပညာသင်နှစ်ကို ဩဂုတ်လမှာ ပြန်လည်စတင်မှာဖြစ်ပေမယ့် အဝေးသင်ပညာရေးစနစ်ကို အသုံးပြုပြီး အင်တာနက်မှ တစ်ဆင့် သို့မဟုတ် ရုပ်မြင်သံကြားကနေ သင်ခန်းစာတွေ ထုတ်လွှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

 

မူလတန်းနဲ့ အလယ်တန်းအတွက် အွန်လိုင်းကနေ ပညာသင်ကြားမယ့် အစီအစဉ်ကို စာရင်းပေးသွင်းသူ ၂၅ သန်းကျော် ရှိ‌ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ပုံမှန်အားဖြင့် ပညာသင်နှစ်မှာ ဇူလိုင်ကနေ ဧပြီလအထိ ဖွင့်လှစ်လေ့ရှိကြောင်း သိရပါတယ်။ ၂၀၂၀-၂၁ ပညာသင်နှစ်ကိုတော့ တစ်လနောက်ကျပြီး စတင်ခဲ့တာဖြစ်ပါတယ်။

MDN

ကိုးကား - AFP