၂၅ မေ

 

တောင်အမေရိကတိုက်ရှိ ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ မြင့်တက်လာမှုကြောင့် ပြီးခဲ့သည့်နှစ်ပတ်က ယင်းနိုင်ငံတွင် ရှိခဲ့သူများကို အမေရိကန်ပြည်ဝင်ခွင့် မပေးဘဲ ပိတ်ပင်ထားမည် ဟု အမေရိကန်ပြည်ထောင်စုက ဆိုသည်။

 

အဆိုပါ ပြည်ဝင်ခွင့် ကန့်သတ်မှုများသည် ကြာသပတေးနေ့မှစတင်ကာ သက်ရောက်မည်ဖြစ်သည်။ ယင်းကန့်သတ်ချက်များသည် အမေရိကန်နိုင်ငံသားများနှင့် ၎င်းတို့၏ မိသားစုများ အပေါ် အကျိုးသက်ရောက်မည် မဟုတ်ပေ။

 

ဘရာဇီးနိုင်ငံတွင် ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ  ၃၄၇၀၀၀ ကျော်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် နေ့စဉ်သေဆုံးသူဦးရေ ၁၀၀၀ ခန့်ရှိပြီး သေဆုံးသူဦးရေပေါင်း ၂၂၀၀၀ ကျော် ရှိပြီ ဖြစ်သည်။

 

ဘရာဇီးသမ္မတ ဘိုလ်ဆိုနာရိုက စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန် တွန်းအားပေးလုပ်ဆောင်နေသော်လည်း လူနေထူထပ်သော အထူးသဖြင့် မြို့ပြ ဆင်းရဲသားရပ်ကွက်များတွင် ကူးစက်မှုများ တစ်ဟုန်ထိုးဖြစ်ပွားနေသည်။

 

အမေရိကန်အစိုးရသည် တရုတ်၊ အီရန် နှင့် ဉရောပနိုင်ငံတို့မှ ခရီးသွားတစ်ချို့ကိုလည်း ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သည်။

 

ဂျပန်အစိုးရသည် ဘရာဇီးနိုင်ငံမှ ခရီးသွားများကို ဧပြီ ၃ ရက်နေ့မှစတင်ကာ ပြည်ဝင်ခွင့် ဆိုင်းငံ့ထားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို