၁၁ ဇွန်
အပူချိန်မြင့်မားခြင်းသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအပေါ် အကျိုးသက်ရောက်မှု ရှိ၊ မရှိကို မသိရှိနိုင်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြပြီး အခြားဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးဆိုင်ရာ အစီအမံများကို ဆက်လက်လုပ်ဆောင်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းပြောကြားထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အခြေအနေ အကြီးအကဲဖြစ်သူ မစ်ချယ် ရိုင်ယန်က ဂျီနီဗာမြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယမန်နေ့က ပြောကြားခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့်ပတ်သက်ပြီး အပူချိန်၊ ရာသီဉတုအပေါ် မျှော်လင့်ချက်ထားလို့မရကြောင်း ရိုင်ယန်က ပြောကြားသည်။
လက်ဆေးခြင်းနှင့် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာကွယ်ရန် အစီအမံများကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ရိုင်ယန်က အလေးထားပြောကြားသည်။
တရုတ်နိုင်ငံက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို လုံးဝချုပ်ကိုင်ထားသည်ဟု ပြောဆိုကာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အမေရိကန်နိုင်ငံ နုတ်ထွက်မည်ဟု ရိုးတိုးရိပ်တိပ်ပြောကြားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်စ်ဒရော့ က ၎င်းနှင့် အမေရိကန်ကျန်းမာရေးနှင့်လူသားဝန်ဆောင်မှုများဆိုင်ရာ အတွင်းရေးမှူး အဲလက် အဲဇား နှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် အီဘိုလာရောဂါ ဖြစ်ပွားမှုကို ပြီးခဲ့သည့် သီတင်းပတ်က ကိုင်တွယ်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
အီဘိုလာရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်ရန် အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျှော်လင့်ကြောင်း တက်စ်ဒရော့က ပြောကြားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို