၁၉ မေ

ဉရောပနိုင်ငံတွေမှာ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေ ဖယ်ရှားပြီးနောက် လုပ်ငန်းခွင်ပြန်ဝင်သူတွေ များပြားလာပြီဖြစ်ပါတယ်။ အစိုးရတွေက အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်တွေဖြစ်တဲ့ မြေအောက်ရထား၊ ရထား၊ ဘတ်စ်ကားတွေကို အတတ်နိုင်ဆုံး ရှောင်ကြဖို့နဲ့  စီးနင်းတဲ့အခါ မှာလည်း မျက်နှာဖုံးတွေဝတ်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။

 

လန်ဒန်မြို့ရဲ့ ဘရစ်တန်စက်ဘီးဆိုင်မှာ ဝယ်သူတွေနဲ့များပြားလွန်းတဲ့အတွက် ပစ္စည်းပျက်တဲ့အထိ ဖြစ်ကြောင်း ဆိုင်ဒါရိုက်တာကပြောပါတယ်။  

 

ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီးကလည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားစဉ်မှာ သန်းချီတဲ့ လူတွေက စက်ဘီးကို ပိုပြီးအသုံးပြုလာကြတယ်။ စက်ဘီးကို လေ့ကျင့်ခန်းလုပ်သလိုမျိုးနဲ့ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေ‌ရေးအတွက် စီးကြကြောင်း၊ စက်ဘီးစီးလာသူတွေများတဲ့အတွက် လာမယ့် သီတင်းပတ်အတွင်းမှာ ယာယီစက်ဘီးစီးလမ်းတွေ ပြုလုပ်ဖို့ နဲ့ မူလရှိပြီးသားစက်ဘီးစီးလမ်းတွေကို ချဲ့ပေးဖို့အတွက် ဘဏ္ဏာငွေပိုသုံးစွဲသွားမယ်လို့ ဆိုပါတယ်။

 

အလားတူ တခြားဉရောပနိုင်ငံတွေမှာလည်း စက်ဘီးစီးနင်းသူတွေ ပိုများလာကြောင်း တွေ့ရပါတယ်။ စပိန်နိုင်ငံ ဘာစီလိုးနားမြို့မှာ ရုံးသွားချိန်မှာ အရင်ကထက် စက်ဘီးစီးသူ ၃၂၅ ရာခိုင်နှုန်းများလာကြောင်း သိရပါတယ်။

 

အဲဒီလို စက်ဘီးစီးသူတွေ များပြားလာတဲ့အတွက် ဘာစီလိုးနားမှာ စက်ဘီးလမ်း ၂၁ ကီလိုမီတာ (၁၃ မိုင်)တိုးချဲ့ခြင်း၊ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ၂၂ ကီလိုမီတာနဲ့ ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှာ ၄၀ ကီလိုမီတာကို စက်ဘီးလမ်းများ အဖြစ်တိုးချဲ့ ခဲ့ကြောင်း သိရပါတယ်။

 

ပြင်သစ်နိုင်ငံမှာလည်း စက်ဘီးလမ်းအတွက် ယူရိုငွေ သန်း ၂၀ ကို မြို့ ၅ မြို့အတွက် သုံးစွဲမယ်လို့ ဆိုပါတယ်။

ကားအများဆုံးအသုံးပြုတဲ့ အီတလီနိုင်ငံမှာ စက်ဘီးကို ပိုစီးလာကြကြောင်း ရောမတဝိုက်ရှိ စက်ဘီလမ်းကို အနည်း ၁၅၀ ကီလိုမီတာအထိ လုပ်ဆောင်ဖို့ ရည်ရွယ်ထားတာကို တွေ့ရပါတယ်။

 

စက်ဘီးအရောင်းဆိုင်တွေဟာ ဧပြီလလယ်က ပြန်ဖွင့်ကြပြီး စက်ဘီးပြင်ဖို့ အပ်သူပိုများလာသလို အွန်လိုင်းမှ စက်ဘီးရောင်းအားမှာ ၃၀၀ ရာခိုင်နှုန်းအထိ တိုးလာကြောင်း Go Sport က ပြောပါတယ်။

 

အများသုံးသယ်ယူပို့ဆောင်ရေးယာဉ်တွေကို အသုံးပြုမယ်ဆိုရင် အစိုးရတွေ အောက်ပါတိုင်းအကြံပြုထားတာကို တွေ့ရပါတယ်။

 

၁) လူသုံး မများတဲ့အချိန်ကို ရွေးပါ။

၂) လူအများအပြား မစီးတဲ့ ခရီးစဉ်ကို အသုံးပြုပြီး၊ ပြောင်းစီးရမယ့် အဆင့်နည်းတဲ့ လမ်းမျိုးကို ရှာပါ။

၃) ကားပေါ်ကနေ ဆင်းလာမယ့် ခရီးသည်ပြီးအောင် စောင့်ပြီးမှ တက်ပါ။

၄) တတ်နိုင်သမျှ တစ်ဦးနဲ့တစ်ဦး ခပ်ဝေးဝေးမှာ ရှိအောင် လုပ်ပါ။

၅) ခရီးစဉ်ပြီးဆုံးပြီဆိုတာနဲ့ စက္ကန့် ၂၀ ကြာအောင် လက်ကို သေချာစွာ ဆေးကြောပါ။

 

MDN
ကိုးကား - AFP