တိုကျို  ၂၂  ဧပြီ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်ရာ၌ အချင်းချင်း နီးနီးကပ်ကပ် ထိတွေ့မှုများကို ရှောင်ကြဉ်လိုက်နာကြရာတွင် ပြည်သူလူထု အနေဖြင့် ပိုမိုပူးပေါင်းပါဝင်ကြရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တောင်းဆိုလိုက်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဧပြီ ၂၁ ရက်က ဖော်ပြလိုက်သည်။

ပူးပေါင်းပါဝင်ကြသူများနှင့် အိမ်တွင်းနေထိုင်သူများ အားလုံးကို မိမိအနေဖြင့် ကျေးဇူးတင်ကြောင်း အာဘေးက ပြောကြားလိုက်သည်။ သို့သော်လည်း ကျေးလက်ဒေသများသို့ ထွက်ခွာရန် လွန်ခဲ့သော ရက်သတ္တပတ်က လူအတော်များများ တိုကျိုမြို့မှ ထွက်ခွာခဲ့ကြသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဧပြီလအကုန် မေအစ အားလပ်ရက်များလည်း တဖြည်းဖြည်းနီးကပ် လာပြီဖြစ်ကြောင်း၊ ထို့အတူ ကိုရိုနာ ဗိုင်းရပ်စ် နောက်ထပ်ပျံ့နှံ့ကူးစက်မှု အန္တရာယ်ကလည်း ခြိမ်းခြောက်လျက်ရှိကြောင်း အာဘေးက ပြောသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြည်သူလူထုကို ခရီးသွားခြင်း မပြုလုပ်ကြရန် တိုက်တွန်း တောင်းဆိုထားကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ ကျန်းမာရေးစနစ်သည် အလွန်ကို ဝန်ပိနေပြီဖြစ်ကြောင်း၊ အဆိုပါ ဝန်ထုပ်ဝန်ပိုးကိုသက်သာ စေရန်နှင့် ပြည်သူလူထု၏ အသက်အန္တရာယ်များကို ကာကွယ်ရန်လိုအပ် လာပြီဖြစ်ကြောင်း၊ လူများကြား ထိတွေ့မှုကို လျှော့ချရာတွင် ၈၀ ရာခိုင်နှုန်းလောက်အထိအောင်မြင်ရန် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါကြောင်း အာဘေးက ဆက်လက်ပြောကြားသည်။

စီးပွားရေး ပြန်လည်ရှင်သန် သက်ဝင်လှုပ်ရှားရေးဝန်ကြီး နီရှီမူရာ ယာဆူတိုရှီက အစိုးရ၏ တောင်းဆိုမှု ကိုလိုက်နာမှု မရှိသည့် စီးပွားရေး လုပ်ငန်းများကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

တချို့ ဂျပန်ပုံစံအနှိပ်ခန်းများသည် အစိုးရ၏ တောင်းဆိုမှုများကို လိုက်နာမှုမရှိကြောင်းနှင့် တချို့လူများသည် စီရင်စုဖြတ်ကျော် ခရီးသွားလာမှုများကို ပြုလုပ်လျက်ရှိကြောင်း နီရှီမူရာက သတင်းထောက်များကို ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စီရင်စုအုပ်ချုပ်ရေးမှူးများသည် မိမိနှင့် တိုင်ပင်လျက်ရှိကြောင်း၊ မိမိအနေဖြင့် တောင်းဆိုမှုကို မလိုက်နာသည့် စီးပွားရေး လုပ်ငန်းများ၏ အမည်များကို ဖွင့်ချပြောကြားသွားမည် ဖြစ်ကြောင်း နီရှီမူရာက ဆက်လက်ပြောကြားသည်။

အင်န်အိတ်ချ်ကေ