ကျောင်းကုန်း ၂၃ မတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် မြို့မဈေးကြီးအတွင်း၌ ကိုရိုနာဗိုင်းရပ်စ်(Covid-19) ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လက်ဆေးစင်(၃)ခုထားရှိခြင်း၊ အသိပညာပေး လက်ကမ်းစာစောင် ဝေငှခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရောဂါကြိုတင်ကာကွယ်ရေးအတွက် လက်ဆေးဘေစင်များထားရှိခြင်းကို ကျောင်းကုန်းမြို့မဈေး တာဝန်ခံရုံးအနီးတွင်(၁)ခု၊ ပျံကျဈေးနေရာတွင်(၁)ခုနှင့် သင်္ဘောဆိပ်တွင်(၁)ခု စုစုပေါင်း(၃)ခုတပ်ဆင်ပေးထားပြီး ကျန်းမာရေးဌာနမှ လက်ဆေးခြင်းကို သရုပ်ပြဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ပြည်သူများအား ဝေငှပေးခြင်းနှင့် ဈေးပိတ်ထားစဉ် (ဥပုသ်နေ့) ဈေးအတွင်း ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


