၂၆ မေ

ကမ္ဘာတစ်ဝန်းက ကလေးငယ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆိုးကျိုးသက်ရောက်မှုအနေနဲ့ ကလေးလုပ်သားတွေ ဖြစ်လာနိုင်ကြောင်း၊ အရွယ်မရောက်မီ အိမ်ထောင်ပြုသူတွေနဲ့ ကိုယ်ဝန်ဆောင်သူတွေ  ဖြစ်လာနိုင်ကြောင်း လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့က ဒီနေ့(အင်္ဂါနေ့) မှာ ထုတ်ပြန်လိုက်ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းနဲ့ အသွားအလာတွေ ပိတ်ဆို့လိုက်တဲ့အတွက် အစိုးရတွေက ကလေးငယ်တွေရဲ့ ကျန်းမာရေးနဲ့ ပညာရေးအတွက် အသုံးစရိတ်တွေ လျှော့ချတာမျိုးတွေ ဖြစ်လာနိုင်ကြောင်း၊ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုဟာ နောက်ပြန်ဆွဲသွားနိုင်ကြောင်း၊ အဲဒီအတွက် ကလေးငယ်တွေရဲ့ အခွင့်အရေးကို ဉီးတည်ပြီးဆောင်ရွက်ဖို့က အရင်ကထက် ပိုမိုလိုအပ်ကြောင်း  ကလေးငယ်များအခွင့်ရေးအဖွဲ့ (Kids Rights) တည်ထောင်သူ မက်ခ် ဒူးလေး က ပြောဆိုလိုက်ပါတယ်။

 

ဗိုင်းရပ်စ်ပိုးကို တားဆီးထိန်းချုပ်ရန် ကျောင်းတွေ ပိတ်လိုက်ရတဲ့အတွက် ကလေးငယ်ဟာ ကလေးလုပ်သားများ ဖြစ်သွားနိုင်ကြောင်း၊ အရွယ်မရောက်သေးခင် အိမ်ထောင်ပြုနိုင်ကြောင်း၊ ဆယ်ကျော်သက် အရွယ် ကိုယ်ဝန်ဆောင်များ များလာနိုင်ကြောင်း ၊ အဆိုးရွားဆုံးကတော့ ကလေးငယ် သန်းချီပြီး ဆင်းဆင်းရဲရဲ ရုန်းကန်ရနိုင်ကြောင်းနဲ့ မိန်းကလေးငယ်တွေအတွက် အိမ်တွင်း အကြမ်းဖက်မှုတွေ ပိုမိုခံရနိုင်ကြောင်း စောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

၂၀၂၀၂ ခုနှစ် ရဲ့ သုတေသနစာတမ်းအရ အိုက်စ်လန်၊ ဆွစ်ဇာလန်နဲ့ ဖင်လန် နိုင်ငံတွေဟာ ကလေးငယ်တွေအတွက် အကောင်းဆုံး ကာကွယ်ပေးတဲ့ နိုင်ငံတွေ ဖြစ်ပြီး ချတ်၊ အာဖဂန်နစ္စတန် နဲ့ ဆီယာရာလီယွန်း နိုင်ငံတွေကတော့ ကလေးငယ်တွေအတွက် အဆိုးဆုံးနိုင်ငံတွေဖြစ်ကြောင်း သိရပါတယ်။

MDN
ကိုးကား AFP