မေ ၂
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသည့် နိုင်ငံတကာအားကစားပြိုင်ပွဲအချို့ကို ရွှေ့ဆိုင်းထားသည်။
ယခုနှစ်အတွင်း အရှေ့တောင်အာရှချန်ပီယံရှစ် မြားပစ်ပြိုင်ပွဲနှင့် အာရှဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲတို့ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားပြီး ဗိုင်းရပ်စ်အခြေအနေကြောင့် ကျင်းပမည့်ရက် ရွှေ့ဆိုင်းထားကာ ပြန်လည်ကျင်းပမည့်ရက်ကို ထပ်မံထုတ်ပြန်မည်ဖြစ်သည်။ အရှေ့တောင်အာရှချန်ပီယံရှစ် မြားပစ်ပြိုင်ပွဲကို မေလတွင် ရန်ကုန်မြို့ရှိ ကျိုက္ကဆံမြားပစ်ကွင်း၌ ကျင်းပရန် စီစဉ်ထားသလို အာရှဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲကိုလည်း သြဂုတ်တွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားရုံ၌ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲနှစ်ခုကို ရွှေ့ဆိုင်းထားကြောင့် အားကစားနှင့် ကာယပညာဦးစီးဌာနက အတည်ပြုခဲ့သလို ယင်းပြိုင်ပွဲများအတွက် ရည်ရွယ်လေ့ကျင့်နေသည့် လက်ရွေးစင်အားကစားသမားများမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် စခန်းဝင်လေ့ကျင့်နေမှုကို ရပ်နားထားရသည်။
အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲကို မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်အနေဖြင့် အကြိမ်အများစု အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပြီး ယခုနှစ်တွင် ထပ်မံကျင်းပခွင့်ရခြင်းဖြစ်သည်။ မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်သည် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကျင်းပခြင်းလည်းဖြစ်သည်။ အာရှဖလား အမျိုးသားဘော်လီဘောပြိုင်ပွဲမှာမူ အာရှဒေသတွင်းမှ ဇူန်အလိုက်အသင်းများဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် ရှစ်သင်းဝန်းကျင်ဖြင့်သာ ကျင်းပခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်က တစ်ကြိမ်သာ ဝင်ရောက်ယှဉ်ပြိုင်ဖူးကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ၂၀၀၈ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး နှစ်နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်သည် ယခုနောက်ပိုင်းနှစ်များတွင် အရှေ့တောင်အာရှနှင့် အာရှအဆင့်ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည်။
မြန်မာအားကစားအဖွဲ့များမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စခန်းဝင်လေ့ကျင့်နေမှုကို ရပ်နားထားရပြီး ပြည်တွင်းပြိုင်ပွဲကျင်းပရခြင်းကို ရွှေ့ဆိုင်းထားရသလို နိုင်ငံတကာပြိုင်ပွဲများလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ နှစ်ကုန်ပိုင်းတွင် ယှဉ်ပြိုင်ရန်ရှိသည့် နိုင်ငံတကာ အားကစားပြိုင်ပွဲအချို့မှာလည်း ရောဂါအခြေအနေအပေါ်မူတည်၍ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအားကစားအဖွဲ့များမှာလည်း ရောဂါအပေါ် မူတည်၍ ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။
သတင်း- ညီမြတ်သော်တာ
ဓာတ်ပုံ- စိုးညွန့်