ကင်ဘာရာ   ၂၂  ဧပြီ

ကမ္ဘာ့လေကြောင်းလိုင်းလုပ်ငန်းကို ပျက်စီးစေခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ငွေကြေးအကျပ်အတည်း ဖြစ်နေသည့် ဗာဂျင်းဩစတြေးလျ လေကြောင်းလိုင်းသည်လည်း ဧပြီ ၂၁ ရက်က ပြိုလဲသွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

ဩစတြေးလျစတော့အိတ်ချိန်းသို့ ကြေညာချက်ထုတ်ပြန်ရာတွင် ဗာဂျင်းဩစတြေးလျက အဓိက အဆောက်အအုံ လုပ်ငန်းလည်ပတ်မှုများကို အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးထားသော်လည်း လေယာဉ်ခရီးစဉ်များကို ဆက်လက်လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ပြောကြားလိုက်သည်။

ယနေ့ မိမိတို့၏ ဆုံးဖြတ်ချက်သည် ဗာဂျင်းဩစတြေးလျအုပ်စု၏ အနာဂတ်ကို ကယ်ဆယ်ရန်သာဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ အကျပ်အတည်း လွန်မြောက်သွားသောအခါတွင် တစ်ဖန်ပြန်လည် လည်ပတ်မည်ဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် ပေါလ်စကူရာက ကြေညာချက်တွင် ဖော်ပြလိုက်သည်။ ဩစတြေးလျအနေဖြင့် ဒုတိယလေကြောင်းလိုင်းတစ်ခုကို လိုအပ်ကြောင်းနှင့် မိမိတို့အနေဖြင့် လေကြောင်းခရီးစဉ်ပျံသန်းမှုများ ဆက်လက်လုပ်ကိုင်ရန် ဆုံးဖြတ်ထားကြောင်း ၎င်းကပြောကြားလိုက်သည်။

အဆိုပါ လေကြောင်းလိုင်းသည် ဩစတြေးလျဒေါ်လာ ငါးဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ) အကြွေးနွံနစ်လျက်ရှိပြီး ဆက်လက်ရှင်သန်လည်ပတ်ရန် ဩစတြေးလျဒေါ်လာ ၁ ဒသမ ၄ ဘီလီယံချေးငွေ အသနားခံထားသော်လည်း အစိုးရက ငြင်းပယ်ထားကြောင်း သိရသည်။

အေအက်ဖ်ပီ