ထွန်းသစ်စ

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံရဲ့ သေဆုံးသူအရေအတွက်ဟာ အခုဆိုရင်တရုတ်နိုင်ငံကို ကျော်လွန်သွားပြီဖြစ်ပါတယ်။ အလားတူပဲ အမေရိကန်ပြည်ထောင်စုက လူဦးရေ ၃၉ သန်းမှီတင်းနေထိုင်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်ကိုလည်း အလုံပိတ်လိုက်ပြီဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကုသရာမှာ ငှက်ဖျားရောဂါ ကာကွယ်ရေးဆေးတွေကို အသုံးပြုလို့ ရ မရ စီမံချက်များ ချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ ထို့ပြင် တရုတ်နိုင်ငံကိုလည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး ကမ္ဘာကြီးကို စောစောစီးစီး မပြောခဲ့ရကောင်းလားဆိုပြီး အပြစ်တင်ခဲ့ပါတယ်။

 

မထိန်းချုပ်နိုင်မှာ စိုးရွံ့နေ

 

ကမ္ဘာတစ်ဝန်းမကူးစက်မီ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့တွင် လွန်ခဲ့သောနှစ် ဒီဇင်ဘာလောက် ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုအခါမှာတော့ တရုတ်နိုင်ငံမှာ နောက်ထပ်အသစ် ထပ်မံကူးစက်မှု မဖြစ်တော့ဘူးလို့ ဒုတိယနေ့အဖြစ် သတင်းဖော်ပြခဲ့ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံမှာ မမျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ပြီဖြစ်သော်လည်း တချို့ နိုင်ငံအများစုမှာတော့ သူတို့ရဲ့ နယ်စပ်တွေကို တင်းကျပ်လိုက်သလို တချို့ကိုလည်း အလုံပိတ်ထားခဲ့ပါတယ်။ လူပေါင်းသန်းချီကာ ကိုယ့်ရဲ့ အိမ်တွေမှာပဲနေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမရှိအောင် လုပ်ဆောင်နေကြပါတယ်။

 

ကမ္ဘာတစ်ဝန်းလုံး ဂရုမစိုက်မိဘဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့ပါက လူပေါင်းသန်းချီ သေဆုံးနိုင်တယ်လို့ ကုလသမဂ္ဂအကြီးအကဲကလည်း သတိပေးထားပါတယ်။

 

ကမ္ဘာ့ခေါင်းဆောင်တွေကလည်း ကမ္ဘာ့စီးပွားရေး ဂယက်ထမှုမဖြစ်အောင် ထောက်ကူပေးတဲ့အနေနဲ့ အမေရိကန်ဒေါ်လာ တစ်ထရီလီယံနီးနီး ခွင့်ပြုထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ရာစုနှစ်တစ်စုမှာတွေ့ရခဲတဲ့ ကူးစက်ရောဂါဖြစ်ပြီး သူ့ကိုမထိန်းချုပ်နိုင်မှာ စိုးရွံ့နေကြပါတယ်။

 

အများစုဟာ အသက်ကြီးသူတွေဖြစ်ကြ

 

သေဆုံးနှုန်းဟာ ဥရောပနိုင်ငံတွေမှာလည်း မြင့်တက်လာခဲ့သလို အီတလီနိုင်ငံမှာလည်း ကြာသပတေးနေ့ တစ်နေ့တည်းကိုပဲ ၄၂၇ ဦးသေဆုံးခဲ့ပြီး ယခုအချိန်အထိ စုစုပေါင်းသေဆုံးသူ ၃၄၀၅ ဦးအထိရှိခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံမှာတောင် သေဆုံးသူဦးရေဟာ ၃၂၄၅ ဦးအထိသာရှိခဲ့ပြီး အီတလီနိုင်ငံမှာတော့ သူ့ထက်ပိုများနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူအများစုဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကြောင့်ဖြစ်ပြီး အများစုဟာ အသက်ကြီးသူတွေ ဖြစ်ကြပါတယ်။

 

ပြင်သစ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၁၀၈ ဦးကျော်ဖြစ် လာပြီး စုစုပေါင်း သေဆုံးသူပေါင်းဟာ ၃၇၂ ဦးအထိ ရှိခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးအနေနဲ့ မတ် ၂၀ ရက်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်းဟာ ၈၇၇၈ ရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် အတည်ပြု လူနာပေါင်း ၂၀၉၈၃၉ ရှိခဲ့ပါတယ်။ ထို့အတူ ကိုရိုနှာဗိုင်းရပ်စ်ဟာ အခုဆိုရင် နိုင်ငံပေါင်း ၁၆၈ နိုင်ငံအထိ ပျံ့နှံ့လို့လာခဲ့ပါပြီ။

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ကြောက်စရာ ဆိုးကျိုးတွေကို သတိပေးခဲ့ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တောမီးကဲ့သို့ ခွင့်ပြုလိုက်မယ်ဆိုရင် လူပေါင်းသန်းချီသေဆုံးကြ လိမ့်မယ်လို့ ဂူတာရက်စ်က ပြောကြားလိုက်ပါတယ်။

 

တန်ဖိုးကြီးကြီးပေးဆပ်ရမယ်

 

ကမ္ဘာကြီးရဲ့ ကျန်တဲ့အပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရေအတွက်နဲ့ သေဆုံးမှုအရေအတွက်ဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွားတဲ့ သေဆုံးမှုနဲ့ ကူးစက်မှုအရေ အတွက်ထက် ပိုများနေတာကို တွေ့ရပါတယ်။ အခုအခါမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေဖို့ တင်းကျပ်တဲ့ တားဆီးဆောင်ရွက်မှုတွေ ပြုလုပ်လျက်ရှိသလို ခွဲခြားစောင့်ကြည့်မှုတွေနဲ့ အလုံပိတ်လိုက်ရတဲ့ အခြေအနေတွေလည်း ပြုလုပ်လျက်ရှိပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းပေါ်တုံ့ပြန်မှုတွင် ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာ မရှိတဲ့အတွက် ကမ္ဘာကြီးအနေနဲ့ တန်ဖိုးကြီးကြီး ပေးရတော့မယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအသစ် ထပ်မံမဖြစ်ပွားသော်လည်း ကမ္ဘာကြီးအနေနဲ့ သူတို့ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး တန်ဖိုးကြီးကြီး ပေးဆပ်ရတော့မယ်လို့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

 

အီတလီနိုင်ငံမှာ သေဆုံးမှုနဲ့ ကူးစက်မှုနှုန်းမြင့်တက်လာ

 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံမှာ သေဆုံးမှုနဲ့ ကူးစက်မှုနှုန်းမြင့်တက်လာပြီးနောက် အီတလီ နိုင်ငံဟာ သူ့နိုင်ငံကို ဧပြီ ၃ ရက်အထိ အလုံပိတ်ထား လိုက်ပြီဖြစ်ကြောင်း အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီ က ပြောကြားခဲ့ပါတယ်။

 

ပြင်သစ်နိုင်ငံသမ္မတကလည်း သူ့ရဲ့ နိုင်ငံကို ရက်သတ္တပတ်နှစ်ပတ်ကြာ အလုံပိတ်ထားမယ့် အမိန့်ကို တိုးမြှင့်လိုက်ပါတယ်။ အာဂျင်တီးနားသမ္မတ အယ်လ်ဘာ တိုဖာနန်ဒက်ဇ်က ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ မတ်လ ၃၁ ရက်အထိ အလုံပိတ်ထား မှာဖြစ်ပါတယ်။ ထို့အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းသိမ်းရန် ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေးရိုးကလည်း သူ့ရဲ့ ကျော်ကြားလှတဲ့ ကမ်းခြေတွေကို ပိတ်လိုက်သလို စားသောက်ဆိုင်တွေနဲ့ ဘာတွေကိုလည်း ၁၅ ရက်ကြာ ပိတ်လိုက်ပါတယ်။

 

ကယ်လီဖိုးနီးယားမြို့တော်ဝန် ဂယ်ဗင်နယူးဆမ်က မိမိပြည်နယ်ကို ကြာသပတေးနေ့မှာ စတင်အလုံပိတ် သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က မိမိတို့နိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ရက်သတ္တ ၁၂ ပတ်အတွင်း သင့်တော်တဲ့ စီမံဆောင်ရွက်မှုမျိုး ပြုလုပ်သွားမှာဖြစ်ကြောင်းနဲ့ လူထူမှုကိုရှောင်ရှားရန် အကြံပေးထားကြောင်း သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံရေးမှာ နာမည်ကြီးဖြစ်တဲ့ ဥရောပသမဂ္ဂ ဘရက်ဆစ်ညှိနှိုင်းရေးမှူး မိုက်ကယ်ဘာ နီယာ၊ မိုနာကို မင်းသားအယ်လ်ဘတ်-၂ နဲ့ အနည်းဆုံး  အင်န်ဘီအေ အားကစားသမားထက်ဝက်ကျော်လောက် ရောဂါကူးစက်ခံနေရပါတယ်။

 

ဗီဒီယိုတွေ့ဆုံမှုနဲ့သာ ဆွေးနွေးခဲ့ကြ

 

စက်မှုထိပ်သီးနိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို အစပိုင်းက ဝါရှင်တန်အနီးမှာကျင်းပဖို့ လျာထားပေမယ့် နောက်ပိုင်းမှာတော့ ဗီဒီယိုတွေ့ဆုံမှုနဲ့သာ ဆွေးနွေးခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စတော့ဈေးကွက် ပြိုဆင်းလာတာကြောင့် ဥပဒေပြုသူတွေဟာ ကမ္ဘာ့စီးပွားရေးတိုးတက်အောင် ကြိုးစားဆောင်ရွက်နေကြရပါတယ်။ ဥရောပသမဂ္ဂ ဗဟိုဘဏ်ကလည်း ယူရို ၇၅၀ သန်း ငွေချေးစာချုပ်တွေကိုဝယ်ဖို့ အစီအစဉ်တွေတောင် လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာလည်း ဘဏ္ဍာရေးဝန်ကြီး စတီဗင် မန်နျူချင်က လွှတ်တော်ကို အရေးပေါ်ငွေရေးကြေးရေးအစီအစဉ် Stimulus Package အမေရိကန် ဒေါ်လာ တစ်ထရီလီယံကို ချပေးဖို့ တိုက်တွန်းပြောကြားထားတာ ရှိပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုကြောင့် အာဖရိကပါမကျန် တစ်ကမ္ဘာလုံး လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရပါတယ်။ နိုင်ဂျီးယားနိုင်ငံရဲ့ မြို့တော်လာဂို့စ်မှာလည်း ကျောင်းတွေပိတ်လိုက်သလို ဘာကီနာဖာဆိုမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတစ်ဦးသေဆုံးကြောင်း အတည်ပြုခဲ့ပါတယ်။

 

အလားတူ ရုရှားနိုင်ငံမှာလည်း တစ်ဦးသေဆုံးခဲ့ပြီး ဖီဂျီမှာလည်း ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တစ်ဦးရှိကြောင်း အတည်ပြုခဲ့ပါတယ်။ အခုဆိုရင်တော့ ကမ္ဘာ့နိုင်ငံတွေဟာ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးကို ဖြစ်နိုင်သမျှသော နည်းလမ်းတွေနဲ့ စွမ်းစွမ်းတမံ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

 

အေအက်ဖ်ပီ