တနင်္သာရီ ၂၄ မတ်

 

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်လုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် အခြားဘေးအန္တရာယ်များ ကင်းဝေးစေရန် ဆရာတော်/သံဃာတော် အရှင်သူမြတ်များက မတ် ၂၄ ရက် ညနေ ၄ နာရီက မြို့ကျက်သရေဆောင် မြဝတ်ဆင်စေတီတော်ဓမ္မာရုံအတွင်း ရတနာသုတ်ပရိတ်နှင့် ပရိတ်တော်များ ရွတ်ပွားပူဇော်ပွဲကိုပြုလုပ်ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ မြို့ဦးပရိယတ္တိကျောင်း ဆရာတော် ဘဒ္ဒန္တဇောတိကမှ ငါးပါးသီလနှင့် ရတနာသုတ်အနက်အဓိပ္ပါယ်ကို ဩဝါဒချီးမြှင့်ပေးတော်မူခဲ့သည်။

 

ဆက်လက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာတော်အရှင်မြတ်များမှ မြဝတ်ဆင်စေတီတွင် ရတနာသုတ်နှင့် ပရိတ်တော်များ ရွတ်ပွားပူဇော်ပေးကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက် ရပ်မိ/ရပ်ဖများ၊ အုပ်ချုပ်ရေးမှူးများက ရေစက်သွန်းချ အမျှပေးဝေ သာဓုခေါ်ဆိုကြသည်။

 

၎င်းနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာတော်အရှင်မြတ်များက မြဝတ်ဝတ်ဆင်စေတီတော်မှစ၍ ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်းသို့ မော်တော်ယာဉ်များဖြင့် ရတနာသုတ်နှင့် ပရိတ်တော်များ ရွတ်ပွားပူဇော်ပေးကြကြောင်းနှင့် ထိုသို့ ဆရာတော်များက ပရိတ်တရားများ ရွတ်ပွားပူဇော်ပေးနေစဉ် ရပ်မိ/ရပ်ဖများ၊ အရပ်လူကြီးများနှင့် သန္ဓေမီးသတ်တပ်ဖွဲ့မှ ရေသယ်ယာဉ်တစ်စီးဖြင့် လမ်းတစ်လျှောက် ဘေးအန္တရာယ် ကင်းရှင်းစေရေး ပရိတ်ရေများ ပက်ဖျန်းပေးကြောင်း သိရှိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)