ကော့သောင်း ၂၇ မတ်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း COVID-19 ရောဂါကူးစက်ခံရသူများ တွေ့ရှိလာခဲ့ပါက ကျန်းမာရေးဝန်ထမ်းများ ကိုင်တွယ်ကုသရာတွင် ရောဂါကူးစက်မှု မရှိစေရေး အကာအကွယ်ဝတ်စုံ PPE(Personal Protective Equipment) များနှင့် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ညနေပိုင်းက ကော့သောင်းခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
လှူဒါန်းပွဲအား ကော့သောင်းခရိုင်၊ COVID-19 ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်၊ ကုသရေးကြီးကြပ်မှု ကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦး က ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ သံသယလူနာများနှင့် ပိုးတွေ့သောသူများ တွေ့ရှိလာခဲ့လျှင် ကုသစောင့်ကြည့်ရမည့် ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်မှု မဖြစ်ပွားရေး PPE(Personal Protective Equipment) ဝတ်စုံသည် အကာအကွယ်အဖြစ် အရေးပါသည့်အတွက် စနစ်တကျဝတ်ဆင်အသုံးပြုနိုင်ရေး ရည်ရွယ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့မှ ပေးအပ်လှူဒါန်းသည့် PPE ဝတ်စုံ (၂၅)စုံ အား တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ကော့သောင်းခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးနေဦးက ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာခင်ဇော်သို့ လွှဲပြောင်းပေးအပ်လှူဒါန်းသည်။ ဆက်လက်၍ ကော့သောင်းမြို့၊ Happy စက်သုံးဆီအရောင်းဆိုင် ဦးညီညီအောင်မိသားစုမှ PPE ဝတ်စုံ (၁၀ဝ)စုံ၊ ရွှေတော်ဝင် သောက်ရေသန့်မိသားစုမှ ပိုးသတ်ဆေဘူးများနှင့် ဦးနိုင်လင်း+ဒေါ်နုငယ်မိသားစုမှ COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ကျပ်ငွေ(၂၅)သိန်းအား အသီးသီးပေးအပ်လှူဒါန်းရာ ကော့သောင်းခရိုင်၊ COVID-19 ရောဂါကူးစက်မှုကာကွယ်ထိန်းချုပ်၊ ကုသရေးကြီးကြပ်မှုကော်မတီဥက္ကဌ နှင့်တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြသည်။
ကော့သောင်းခရိုင်အနေဖြင့် ယနေ့အထိ ကိုရိုနာဗိုင်းရပ်(စ်) COVID – 19 ရောဂါကူးစက်ခံရသူနှင့် သံသယလူနာများ စစ်ဆေးပေါ်ပေါက်ခြင်းမရှိသေးသော်လည်း ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို ထောင့်ပေါင်းစုံမှ အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် အလေးထားသတိပြုအရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


