လန်ဒန် ၁၆ နိုဝင်ဘာ

ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သူ တစ်ဦးနှင့် ထိတွေ့ခဲ့မှုကြောင့် ၎င်းအနေဖြင့် သီးခြားခွဲနေရမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ပြောသည်။

၎င်းတွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ မပြသသော်လည်း သီးခြားခွဲနေရေးစည်းမျဉ်းများကို လိုက်နာပြီး နေအိမ်မှနေ၍ တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း ဘောရစ်ဂျွန်ဆင်က ယမန်နေ့က တွစ်တာ လူမှုကွန်ရက်၌ ရေးသားခဲ့သည်။ ပြီးခဲ့သည့်အပတ်က အနီးကပ် လက်ထောက်နှစ်ဦး ရာထူးမှနုတ်ထွက်ခဲ့မှုကြောင့် ဂျွန်ဆင်အတွက် ယခုကဲ့သို့ သီးခြားခွဲနေရခြင်းသည် လုပ်ငန်းပိုင်းဆိုင်ရာတွင် အခက်အခဲများ ရှိလာစေကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့သည်။ ဗြိတိန် ဝန်ကြီးချုပ်ရုံး၌ အာဏာပြိုင်ဆိုင်မှု ဖြစ်ပေါ်နေသည်ဆိုသော သတင်းများ ထွက်ပေါ်နေစဉ် ဘောရစ်ဂျွန်ဆင်၏ လက်ထောက်နှစ်ဦး ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူ ညီချက်၊ အခြားကိစ္စရပ်များနှင့်ပတ်သက်၍ ဗြိတိန်နှင့် ဥရောပသမဂ္ဂကြား ဆွေးနွေးမှုများက ယခုအပတ်အတွင်း အရေးပါသောအဆင့်သို့ ရောက်ရှိ မည်ဟု မျှော်မှန်းရသည်။ ဘောရစ်ဂျွန်ဆင်အနေဖြင့် နောက်ထပ်စိန်ခေါ်မှုတစ်ခု ရင်ဆိုင်နေရပြီး ဗြိတိန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် မြန်ဆန်စွာပျံ့နှံ့လျက်ရှိသည်။ တစ်ရက်တာအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေမှာ ၆၀၀ အထိ ရှိလာခဲ့သည်။

လန်ဒန်မြို့နှင့် ဗြိတိန်နိုင်ငံရှိ အခြားဒေသများ၌ တင်းကျပ်သော ကန့်သတ်ချက်များ သတ်မှတ်ထားသည်။ ဘောရစ်ဂျွန်ဆင်သည် ယခုနှစ် အစောပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီး အခြေအနေ ဆိုးရွား လာသောကြောင့် အထူးကုသဆောင်၌ ကုသမှုခံယူခဲ့ရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - ကျော်ထိုက်စိုး