တနင်္သာရီ ၂၉ မတ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း 2019 Novel Coronavirus(COVID-19) ဗိုင်းရပ်စ်ရောဂါ ကူးစက်မှုပျံ့ပွားမှု မဖြစ်စေရေးအတွက် အသိပညာပေးဟောပြောခြင်း၊ အသံချဲ့စက်ဖြင့် ပြည်သူများထံ မေတ္တာရပ်ခံ ပန်ကြားခြင်း၊ စနစ်တကျလက်ကို စင်ကြယ်စွာဆေးကြောနည်းနှင့် ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးပေးခြင်းများဖြင့် (COVID-19) ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင်များက အရှိန်အဟုန်မြှင့်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းအထိ သံသယလူနာ မတွေ့ရသေးကြောင်း ယင်းကော်မတီထံမှ သိရှိရသည်။

 

ယင်းကော်မတီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသန်းထိုက်စိုး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲခေါင်မြင့်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး ဦးဝင်းမော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်စိုးအောင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များမှ ရောဂါကူးစက်မှု မပြန့်ပွားစေရေးအတွက် အရှိန်တိုးမြှင့်ဆောင်ရွက်နေခြင်းဖြစ်သည်။

 

သံသယဖြစ်လူနာများကို ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုနိုင်ရန်  တနင်္သာရီမြို့ ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံ တိုးချဲ့ဆောင်တွင် ကုတင်(၆)နေရာ၊ တကူစံပြတိုက်နယ် ဆေးရုံတွင်(၆)နေရာ၊ မောတောင်တိုက်နယ်ဆေးရုံ၌(၆)နေရာ၊ တနင်္သာရီခန်းမဆောင်၌(၁၀)နေရာ၊ အထက-တကူ ကျောင်းဆောင်တွင် (၁၀)နေရာ စသည်ဖြင့် ကြိုတင်ပြင်ဆင်ထားကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါ ကူးစက်ပျံ့ပွါးမှုမဖြစ်စေရန် အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသော ညွှန်ကြားချက်များနှင့်အညီ ပြည်သူလူထုတစ်ဦးချင်း စီက အသိတရားရှိရှိနှင့် လိုက်နာပူးပေါင်းပါဝင်ဖို့လိုကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလင်းထိုက်က ပြောခဲ့သည်။

သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)