ချောင်းဦး ၂၀ မတ်
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စည်ပင်သာယာ မြို့မဈေးကြီး၌ လက်ဆေးဘေစင်များကို မတ် ၂၀ ရက် နံနက်(၇)နာရီ အချိန်က စတင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ထားရှိခဲ့ကြောင်းသိရသည်။
အဆိုပါ လုပ်ငန်းများကို ချောင်းဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ ချောင်းဦးမြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသောင်းဌေး၊ ချောင်းဦးမြို့နယ် စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်သန့်ဝင်းနှင့် ဈေးကော်မတီမှ တာဝန်ရှိသူများက မြို့မဈေးကြီးအတွင်းရှိ ဈေးသူဈေးသားများနှင့် ဈေးလာဝယ်သူများကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် လက်ဆေးနည်းအဆင့်ဆင့်နှင့် လက်ကိုမကြာခဏ ဆေးကြောနိုင်ရန် လက်ဆေးဘေစင်များ ထားရှိမှုတို့ကို ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ မြို့မဈေးကြီး အတွင်းမှာရှိတဲ့ ဈေးသူဈေးသားတွေရော ဈေးလာဝယ်တဲ့ သူတွေရော ယခုလက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19) ရောဂါကို ကြိုတင် ကာကွယ်တဲ့ အနေနဲ့ လက်ဆေးနည်းအဆင့်ဆင့်နဲ့ လက်ကိုမကြာခဏ ဆေးကြောရန် အသိပညာပေးခဲ့ပြီး လက်ဆေး ဘေစင်များကို ထားရှိရခြင်းဖြစ်ပါတယ်'' ဟု ချောင်းဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်သန့်ဝင်း က ပြောကြားခဲ့သည်။
အိအိအောင်(ချောင်းဦး)


