ညောင်လေးပင် ၂၀ မတ်
ကိုရိုနာဗိုင်းရပ်စ် (COVID-19 )ရောဂါ ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့်အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို မတ် ၁၉ ရက်နေ့ ညနေက ညောင်လေးပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လူစည်ကားရာနေရာများမှာ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် အသံချဲ့စက်ဖြင့် ကြေညာခြင်းကို ညောင်လေးပင်မြို့ စေတနာလူမှု ကူညီရေးအသင်းက ကူညီဆောင်ရွက်ပေးခြင်းဖြစ်ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဈေးတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ညောင်လေးပင် မြို့မဈေးနှင့် ပြွန်တန်ဆာဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။
ညောင်လေးပင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး ဟောပြောခြင်း၊ လက်ကမ်းဝေခြင်းနှင့် အသံချဲ့စက်ဖြင့်ကြေညာခြင်း အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာန၊ဈေး၊ ကားဂိတ်၊ စသည့်လူစည်ကားရာ နေရာတွေမှာ ကျန်းမာရေးဌာနတာဝန်ရှိသူများဦးဆောင်၍ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)


