နေပြည်တော် ၉ ဇွန်

 

UNWOMEN အဖွဲ့ကကျင်းပသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန်လည်ထူထောင်ရေးကာလတွင် ကျား/မရေးရာအမြင် ပါဝင်ဆောင်ရွက်ရေးအတွက် အာရှ-ပစိဖိတ်နိုင်ငံများ၏ အတွေ့အကြုံဖလှယ်ရေး ဝန်ကြီးအဆင့် စကားဝိုင်းဆွေးနွေးပွဲ (Virtual Ministerial Roundtable) ကို ထိုင်းစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပါဝင်တက်ရောက်သည်။

 

အဆိုပါဝန်ကြီးအဆင့် စကားဝိုင်းဆွေးနွေးပွဲကို Video Conferencing ဖြင့် ဆောင်ရွက်ရာတွင် ဩစတြေးလျ၊ ဖီဂျီ၊ ကမ္ဘောဒီးယား၊ ဂျပန်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ အမျိုးသမီးအရေး ဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှုတွင် ကျား-မရေးရာ နယ်ပယ်အား အလေးထားဆောင်ရွက်ကြမှု အခြေအနေများကိုလည်းကောင်း၊ အာရှနှင့်ပစိဖိတ်ဒေသတွင်း နိုင်ငံတော်အဆင့် အတွေ့အကြုံများ၊ ဆန်းသစ်ဆောင်ရွက်မှု အလေ့အထများကိုလည်းကောင်း မျှဝေခဲ့ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအား တိုင်ကြားနိုင်ရန် ၂၄ နာရီ Help line ဝန်ဆောင်မှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ၂၀၁၆ ခုနှစ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်တွင်လည်း အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် အိမ်တွင်းအကြမ်းဖက်မှုများနှင့်ပတ်သက်၍ Mobile Hot lines ဝန်ဆောင်မှုများ ဆောင်ရွက်ရန် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အထူးသင်တန်းများပေး၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးလက်ဒေသနေ အမျိုးသမီးများနှင့် အိမ်နီးချင်းနိုင်ငံများမှ ပြန်လည်ရောက်ရှိလာကြသော ရွှေ့ပြောင်းလုပ်သားအမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ရေးကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များနှင့် ညှိနှိုင်းဆောင်ရွက်နေမှုများ၊ IDP စခန်းများနှင့် ယာယီခိုလှုံရာစခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းကို စီမံချက်ရေးဆွဲ၍ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများအတွက် အထူးပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အသွားအလာ ကန့်သတ်နေရာများဖြစ်သည့် Quarantine Centers များတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ပံ့ပိုးမှုများနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့မှုများကို ပေးအပ်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာတွင် လူမှုကာကွယ်စောင့်ရှောက်ရေး စီမံချက်များကို တိုးချဲ့ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းနှင့် သက်ကြီးရွယ်အို ပင်စင်ဆိုင်ရာစီမံချက်များကို ကိုဗစ်-၁၉ ကာလအတွက် အထူးတိုးမြှင့်ဆောင်ရွက်ခြင်းတို့ကို အကောင်အထည်ဖော်လျက်ရှိကြောင်း ဆွေးနွေးသည်။

 

စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အာရှနှင့်ပစိဖိတ်ဒေသတွင်းနိုင်ငံများမှ ဝန်ကြီးများကလည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း အမျိုးသမီးများတွေ့ကြုံရသည့် စီးပွားရေးနှင့်လူမှုရေး အကျိုးသက်ရောက်မှုများနှင့်စပ်လျဉ်း၍ မူဝါဒများနှင့် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်မှု၊ ရွှေ့ပြောင်းအမျိုးသမီး အလုပ်သမားများအတွက် အခွန်ကင်းလွတ်ခွင့်များနှင့် အမျိုးသမီးအလုပ်သမားများအတွက် Cash for Work အစီအစဉ်များ၊ အမျိုးသမီးများအပါအဝင် ဘေးဖယ်ခံထားရသည့် လူမှုအသိုက်အဝန်းများအတွက် ပံ့ပိုးမှု၊ နှစ်သိမ့်ဆွေးနွေးဆောင်ရွက်ပေးမှုများ အစရှိသည့် ၎င်းတို့နိုင်ငံအလိုက် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ အကောင်အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

 

နိဂုံးချုပ်အနေဖြင့် UNWOMEN မှ Deputy Executive Director, Ms. Anita Bhatia က ဒေသတွင်းနိုင်ငံများအနေဖြင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အရင်းအမြစ်များ စုစည်းဖော်ဆောင်ရန် ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် ကျား-မတန်းတူညီမျှရေးကိုလည်း ချိတ်ဆက်ဆောင်ရွက်ရန်၊ နိုင်ငံအလိုက်မူဝါဒများ၊ အစီအမံများ ချမှတ်အကောင်အထည်ဖော်ရာတွင် ကျား-မ ရေးရာ ရှုထောင့်ကိုလည်း မူဝါဒအားလုံးတွင် လွှမ်းခြုံပါဝင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း ကျား-မ ရေးရာ အချက်အလက်များ ကောက်ယူရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်