ဂျီနီဗာ   ၁၃   ဇွန်

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိသော်လည်း ရောဂါလက္ခဏာမပြသသည့် ရောဂါပိုးသယ်ဆောင် သူများမှတစ်ဆင့် ရောဂါမည်သို့ကူးစက် နိုင်သည်ကို သိရှိနိုင်ရန် ကျွမ်းကျင်သူများက သုတေသနပြုလုပ်နေကြသည်။

ကျွမ်းကျင်သူများအနေဖြင့် ထိုကဲ့သို့ ရောဂါကူးစက်နိုင်သည့် အကြောင်းရင်းကို ရှာဖွေဖော်ထုတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်ဟု ဇွန် ၁၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တီဒရော့စ် အက်နွမ်ဂါဘရီယီဆက်စ်က သတင်းထောက်များအား ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားအသစ်များအား ကျယ်ကျယ်ပြန့်ပြန့်လေ့လာရန်အတွက် ကုလသမဂ္ဂ၏ အဖွဲ့အစည်း တစ်ခုဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုသီတင်းပတ် အစောပိုင်းတွင် သတင်းအချက်အလက်များ မျှဝေခဲ့သည်။

ကိုဗစ်-၁၉ ရောဂါရှိသော်လည်း ရောဂါလက္ခဏာမပြသသည့် ရောဂါပိုးသယ်ဆောင်သူများအား သုတေသနပြုလုပ်သည့် လုပ်ငန်းကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တီဒရော့စ် အက်နွမ်ဂါဘရီယီဆက်စ်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

''ကျွန်တော်တို့ သိရှိထားတဲ့ အချက်တွေကတော့ ရောဂါပိုးရှိသူတွေကို ရှာဖွေမယ်၊ သီးသန့်ခွဲထားမယ်၊ ရောဂါပိုးရှိ/ မရှိ စမ်းသပ်မယ်၊ ပြီးတော့သူတို့နဲ့ နီးနီးကပ်ကပ် နေထိုင်ခဲ့သူတွေကို သီးခြားခွဲခြားစောင့်ကြည့်ခြင်းတွေ ဆောင်ရွက်မယ်ဆိုရင် ဒီရောဂါကို ထိန်းချုပ် နိုင်မှာပါ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံအများစုကလည်း အဆိုပါနည်းလမ်းများကို ကျင့်သုံးဆောင်ရွက် လျက်ရှိပြီး အတိုင်းအတာ တစ်ခုအထိ ရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တီဒရော့စ် အက်နွမ်ဂါဘရီယီဆက်စ်က ဆိုသည်။

ကိုးကား- ယူအင်န်နယူးစ်၊ ဘာသာပြန်- စိုးသူရ