ကောင်းမြတ်နွယ် (စင်ကာပူ)
ကိုရိုနာဗိုင်းရပ်စ်ကတော့ ဤကမ္ဘာကြီးမှ အလျင်အမြန် ပြေးထွက်သွားမည့် အရိပ်အယောင် မရှိ။ လူသားများနှင့် ထာဝစဉ် ယှဉ်တွဲနေသွားမည့် အလားအလာရှိနေသည်။ ထို့ကြောင့် သူ၏ ဇာတိထုပ္ပတ် သူ၏ဇာတ်ကို ထဲထဲဝင်ဝင် ထင်ထင်ရှားရှားသိထားဖို့တော့ လိုနေပြီ။
သူက တော်တော်ဆိုးရွားသည်။ ကမ္ဘာတစ်လွှားမှ လူ့အသက်များစွာကို ခြွေယူသွားသည်မှာ ကြောက်ခမန်း လိလိဖြစ်သည်။ လူသားတွေကလည်း မမြင်ရသည့်ရန်သူ ကို ဉာဏ်ကူတိုက်ကြသည်မှာ အံ့မခန်းပင်၊ ထင်ထားသည် ထက် အောင်မြင်ပါသည်။ လူ့အသက်ပေါင်း သိန်းပေါင်း များစွာ စွန့်လွှတ်ခဲ့ရပြီးပြီ။
အောင်မြင်သည်ဟု ငေါ့တော့တော့ ပြောလေသလား ဟု အပြစ်တင် မစောစေလိုပါ။ အသက်များစွာ ဆုံးရှုံးရ သည်မှာပေါ့ဆမှုကြောင့် ဖြစ်ပါသည်။ ပေါ့ဆလျှင် သေမင်း တမန်က ခြေဦးတစ်ဖန်ပြန်လှည့် လာနိုင်ပါသေးသည်။

ကြောက်ရွံ့ထိတ်လန့်ဖို့ကား မလို။ ဆေးတွေပေါ်လာ ပါပြီ။ ရမ်ဒီစီဗာ (Remdesivir) ကို အခြေအနေအရ အသည်းအသန်ဖြစ်နေသော လူနာများအတွက် သုံးရန် စင်ကာပူ [Health Sciences Authority – HSA ] က ခွင့်ပြုလိုက်ပါသည်။ ရောဂါတစ်ခုအတွက် ဆေးရှာဖွေရာ တွင် “အနာသိလျှင် ဆေးရှိသည်” ဆိုသော်လည်း လွယ်ကူ လှသည်၊ မြန်ဆန်လှသည် မဟုတ်ချေ။ ဆေးတစ်မျိုး အတည်ပြုချက်ရရှိအောင် ၁၀ နှစ်၊ ၁၅ နှစ် စောင့်ကြည့် လေ့လာသုတေသနပြုရသည်။
ဆေးဝါးကုန်ကြမ်းကို သေချာစစ်ဆေးရသည်။ ထုတ်လုပ်မှုအဆင့်ဆင့်ကို ဂရုတစိုက် စောင့်ကြည့်ရ သည်။ ဆေးဝါးကုန်ချောထွက်လာသော် ခေတ်မီဓာတ်ခွဲ ကိရိယာများဖြင့် ဓာတ်ခွဲစမ်းသပ်ရသည်။ လူကို ဒုက္ခပေး စေနိုင်သည့် အဆိပ်အတောက် သတ္တုဓာတ်များပါဝင်မှုကို စမ်းသပ်ရသည်။ ပြဒါး၊ စိန်၊ ကိုဗော့၊ ခဲသတ္တုများ ပါဝင်မှု ကို ဗြိတိသျှဆေးကျမ်း၊ အမေရိကန်ဆေးကျမ်းများနှင့် အညီ ထိန်းချုပ်သည်။ အဏုဇီဝစမ်းသပ်မှု ဗက်တီး ရီးယား၊ ဖန်းဂတ်မှိုများ၊ ထိုးဆေးဆိုလျှင် အမှုန်အမွှား ကင်းစင်ခြင်း၊ ဗက်တီးရီးယားတို့၏ အဆိပ်စစ်ထုတ်ရည် ကြောင့် လူ့ခန္ဓာကိုယ်အပူရှိန်မြင့်တက်ရခြင်း၊ မလိုလား အပ်သည့် ရောဂါဘယ၊ ဘေးထွက်ဆိုးကျိုးများရှိလာခြင်း တို့ကို ရှာဖွေစောင့်ကြည့်နေရသဖြင့် ဆေးသစ်တစ်ခုဖြစ် လာဖို့ ငွေတွေ၊ အချိန်တွေ အလွန်ကုန်ပါသည်။
ဆေးဝါးအာနိသင်တည်မြဲမှု စမ်းသပ်၍ ဆေးဝါး သက်တမ်းကုန်ဆုံးရက် ရှာရသည်။
ကြွက်၊ ပူး၊ ယုန်တိရစ္ဆာန်ငယ်များဖြင့် ဆေးကိုလိုချင် သည့်အာနိသင်ရှိ မရှိ စမ်းသပ်ခြင်း လုပ်ရသည်။ ထိုမှ တစ်ဆင့် ဆေးရုံနှင့် သုတေသနဌာနမှ လူဝေဒနာရှင် များကို ဆေးပေးကုသ စောင့်ကြည့်ရပြန်သည်။ လက်တွေ့စမ်းသပ်ခြင်း ပြည့်စုံကျေနပ်မှ Food & Drug Administration – FDA က အတည်ပြုပေးပါသည်။
ယခု ကိုဗစ်နိုင်တင်းကိစ္စမှာ “ကုရာနတ္ထိ ဆေးမရှိ” ဖြစ်နေပြီး လူမျိုးနွယ်တစ်ခုလုံး ပြုတ်ပြုတ်ပြုန်းနိုင်သည့် အခြေအနေမို့ အခြေကြီးလှသော ဆေးဝါးဆိုင်ရာ ဒေသခံ အာဏာပိုင်များက မျက်စိတစ်ဖက်မှိတ်ကာ ဆေးအသစ် များကို သုံးစွဲခွင့်ပြုရရှာလေသည်။
ရမ်ဒီစီဗာ ( Remdesivir) ဆေးကို မူလက အီဗိုလာ ဗိုင်းရပ်စ် (Ebola Virus) အတွက် ဂီးလက် (Gilead Science Inc.) က ထုတ်လုပ်ခဲ့သည်။ ဂျပန်နိုင်ငံကလည်း ကိုဗစ်နိုင်တင်းအတွက် စမ်းသပ်အသုံးပြုခွင့်ပေးသည်။ စင်ကာပူနိုင်ငံ၌ ၂၀၂၀ မေလ ၂၂ ရက်နေ့တွင် မှတ်ပုံ တင်ပြီး HSA က ဇွန်လ ၁၀ ရက်နေ့တွင် အသုံးပြုခွင့် ပေးလိုက်သည်။ လုပ်ထုံးလုပ်နည်းအရ မဆောင်ကြဉ်း နိုင်သည့် အခြေအနေမို့ ဖြစ်နိုင်ခြေကို အားကိုး၍ ခွင့်ပြုလိုက်ကြခြင်းဖြစ်သည်။ သို့သော် ဆေးဝါးကုမ္ပဏီ ကြီးက ထိုက်သင့်လျော်ကန်သော လုံခြုံမှုသတင်းအချက် အလက်များ စုဆောင်းစောင့်ကြည့်နေဖို့ ကြီးစွာသော တာဝန်ရှိလာမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံကမူ တုပ်ကွေးတိုက်ဖျက်ဆေး Avigan Tablet ကို သုံးကြည့်ပြီး ဖာဘီပီရေဘာ (Favipiravir) ဟု နာမည်ပေးထားသည်။
ငှက်ဖျား ကုသဆေးအဖြစ်သုံးခဲ့သော ကလိုရိုကွင်း သောက်ဆေး (chloroquine) ကို အသုံးပြု ကြည့်ခဲ့သော် လည်း နှလုံးကို ထိခိုက်နိုင်သည်ဆိုပြီး ပြောလာကြသည်။
ဒက်ဆာမီသာဇုန်း (Dexamethasone) 6mg ကို ပေး၍ ကုသလေ့လာမှုမှာလည်း အထိုက်အလျောက် အောင်မြင် သည်။
စင်ကာပူအစိုးရကလည်း တက်ကြွစွာ ပါဝင်ပါသည်။ နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှု တီမားဆက်ဦးပိုင် လုပ်ငန်းကြီး၏ တိုင်ချွန်းဘိုင်အိုနည်းပညာဌာနကြီးက လူသားနှင့် တိုက်ရိုက်လက်တွေ့ ဆေးဝါးကုသမှုများ စတင်နေပါပြီ။ ထိုကုထုံးများကို ကိုဗစ်နိုင်တင်းအတွက် မိုနိုကလိုနယ် ရောဂါကာကွယ်နိုင်စွမ်းပစ္စည်း (Monoclonal Antibody Treatment) ကုထုံးအလားအလာကောင်း ဖြစ်ပါသည်။
ပထမအဆင့် စမ်းသပ်မှုအဖြစ် ကျန်းမာသန်စွမ်းသော လုပ်အားပေး ၂၃ ဦးကို ခြောက်ပတ်ကြာ စမ်းသပ်သွားမည် ဖြစ်ပါသည်။ ထိုစမ်းသပ်မှုဖြင့် ကိုဗစ်နိုင်တင်း၏ ခံနိုင်ရည် ရှိမှုကို စောင့်ကြည့်အကဲဖြတ်ခြင်း ဖြစ်သည်။
ခန္ဓာကိုယ်က ပြင်ပရောဂါပိုးကို ပြန်လည်တိုက်ခိုက်ရန် အတွက် အင်တီဘော်ဒီကို ထုတ်လုပ်နေရသည်။ မိုနို ကလိုနယ်ဆိုသည့် ရောဂါကာကွယ်သော ပဋိဇီဝပစ္စည်းက သဘာဝပဋိဇီဝပစ္စည်းကို အတုပြုလုပ်၍ ခွဲထွက်ကာ လူနာ၏ ရောဂါကိုကုသရန် အင်တီဘော်ဒီ အမြောက်အမြားကို ထုတ်လုပ်ပေးသည်။
သိပ္ပံပညာရှင်များက တစ်နေ့စောလျှင် တစ်နေ့ လူ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဟူသော စိတ် ကောင်းစေတနာဖြင့် ဆေးအမြန်ဆုံး ထုတ်လုပ်နေကြသည်။
ယခုလောလောဆယ် တစ်ကမ္ဘာလုံး၌ ဆေးအသစ်ပေါင်း ၁၃၀ ကျော် တန်းစီနေပေပြီ။ အမျိုးအစား မတူညီသော ကာကွယ်ဆေး အမျိုးပေါင်း အနည်းဆုံး ခုနစ်မျိုးဖြင့် ထုတ်လုပ်နိုင်သည့် အဆင့်မှာ ရှိနေပါပြီ။
သမားရိုးကျ ရိုးရာကာကွယ်ဆေးအနေဖြင့် အသက်ပြန် မရှင်တော့သော ဗိုင်းရပ်စ် လူကိုထိုးပေးခြင်း ဖြစ်သည်။ ဗိုင်းရပ်စ်၏ ဆဲလ်အသေများကို လူ့ခန္ဓာကိုယ်ထဲ ထိုးသွင်း ခြင်းဖြင့် ခန္ဓာကိုယ်မှ အလားတူ ပြင်ပပိုးမွှားကို ခုခံတိုက် ခိုက်နိုင်စွမ်းအား ကိုယ်ခံအား အင်မျူနီတီ ရရှိလာခြင်းဖြစ်ပါ သည်။
မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း BPI တွင် ကျောက်ရောဂါ ကာကွယ်ဆေးထုတ်လုပ်ခဲ့ဖူးသည်မှာ ထိုနည်းစဉ် ဖြစ်ပါ သည်။ သတ်မှတ်ထားသောအရွယ် သိုးငယ်ကို အမွေးရိတ် ကာ ဆပ်ပြာတိုက်၊ ပိုးမွှားသန့်စင်မှုပြုပါသည်။ ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကပေးသော ကျောက်ရောဂါ ပိုးကို ဓာတ်ခွဲခန်းတွင်မွေးယူ၍ သိုး၏ခန္ဓာကိုယ်ပေါ်တွင် တင်ကာ ကျောက်ရောဂါဖြစ်စေပါသည်။
ကျောက်ရောဂါဖြစ်ပွားခံစားနေရသော သိုးခန္ဓာကိုယ် ပေါ်ရှိ ကျောက်ပြည်ဖုများမှ ပြည်များကို စုဆောင်းယူပါ သည်။ ထိုရောဂါပိုးများကို တာရှည်ခံ ဓာတုပစ္စည်းများ ပေါင်းစပ်၍ ရေနွေးကန်ထဲတွင်ထည့်ကာ သတ်မှတ်ထား သော အပူချိန်တွင် ဗိုင်းရပ်စ်များကို ပြန်လည်မပေါက်ပွားနိုင် အောင် အပူပေးရသည်။ ၎င်းကျောက်ရောဂါပိုး အသေကို ဆက်လက်၍ ကာကွယ်ဆေးဖော်စပ်ကာ လူကိုထိုးပေးပါ သည်။ ထိုကျောက်ရောဂါပိုးအသေက လူ့ခန္ဓာကိုယ်ကို ကိုယ်ခံအားရအောင် လှုံ့ဆော်ပေးပါသည်။ ထိုကိုယ်ခံအား က ပြင်ပမှဝင်လာသော ကျောက်ရောဂါပိုးကို တိုက်ခိုက် သောကြောင့် ထိုလူသည် ကျောက်ရောဂါမဖြစ်တော့ပါ။ ဝေဒနာလည်း မခံစားရပါ။
GSK ထုတ် ကာကွယ်ဆေးကလည်း လူ့ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးခြင်းဖြင့် သေစေနိုင်သော ရောဂါကို ကာကွယ်ပေးသည်ဟု Glaxo Smith Kline (GSK) ဗြိတိသျှ ဆေးကုမ္ပဏီကြီးမှ ပြည်သူ့ကျန်းမာရေးနှင့် သိပ္ပံ ဆိုင်ရာ အကြီးအကဲ ဒေါက်တာ အိုတာဗီယိုစင်ထရာက ပြောပါသည်။ ရေကျောက်နှင့် ပိုလီယိုကာကွယ်ဆေးများ သဘောတရားတူပါသည်။
အမေရိကန်ဇီဝနည်းပညာကုမ္ပဏီ (မိုဒါနာ -Moderna) က အာရ်အင်အေ မက်ဆင်ဂျာ ကာကွယ်ဆေး (messenger RNA vaccine) ကို ထုတ်လုပ်ပါသည်။ ရောဂါပိုး၏ မျိုးရိုး ဗီဇကုတ် (viral genetic code) အစိတ်အပိုင်းကို လူ့ခန္ဓာ ကိုယ်တွင်းသို့ ထိုးသွင်းပေးခြင်းဖြင့် ထိုခန္ဓာကိုယ်ထဲတွင် တကယ့်ဗိုင်းရပ်စ်နှင့် မထိတွေ့စေဘဲ ကာကွယ်နိုင်စွမ်းရှိ သည့် တုံ့ပြန်ချက်များ ရရှိနေစေခြင်း ဖြစ်သည်။ ထိုနည်း ပညာကား လက်ရှိအတည်ပြုထားသော သုံးနေကျ ကာကွယ်ဆေးများတွင် မရှိသေးချေ။
တစ်ချိန်တည်းမှာပင် GSK က အပြည်ပြည်ဆိုင်ရာ သုတေသနအုပ်စုနှင့် ပြင်သစ်ဆေးကုမ္ပဏီ Sanofi တို့ ပူးပေါင်း၍ Vaccine Adjuvant System ဆေးနည်းပညာ ကို ပိုကောင်းအောင် လုပ်နေသည်။ လူ့ကိုယ်ခံအားတုံ့ပြန်မှု ကို ပိုမိုတိုးမြှင့်ပေးနိုင်ရန် ဆေးတချို့ကို အသုံးပြုခြင်း ဖြစ်ပါသည်။
GSK နှင့် Sanofi ပူးတွဲဆောင်ရွက်၍ အသားဓာတ် အစိတ်အပိုင်း ကာကွယ်ဆေးနည်းပညာကိုလည်း လေ့လာနေကြပါသည်။ ထိုနည်းပညာမှာ ဗိုင်းရပ်စ် ခန္ဓာကိုယ်၏ အစိတ်အပိုင်းကို လူကိုယ်တွင်းသို့ ထည့် ပေးထားခြင်း ဖြစ်သည်။ ကိုဗစ်ဗိုင်းရပ်စ်တွင် အသားဓာတ် အချွန်များ များ ပါရှိသည်။ ထိုအသားဓာတ်အချွန်များကို လူ့ကိုယ်တွင်းသို့ ထိုးသွင်းထားခြင်းဖြင့် လူသားအိမ်ရှင် ဆဲလ်ကို ဗိုင်းရပ်စ်မဝင်ရောက်နိုင်အောင် ပိတ်ဆို့ထား စေနိုင်သည်ဆိုသည့် နည်းပညာဖြစ်သည်။
GSK နှင့် Sanofi က ထိုအသားဓာတ် (Protein) ကို ရအောင် ကြိုးပမ်းနေကြသည်။ GSK က ဆေးတစ်ဘီလီယံ ထုတ်ရန်ရည်ရွယ်ထားသည်။
ထို့ကြောင့် အဆိုးထဲမှအကောင်း အနောက်တိုင်း ဆေးပညာသမိုင်းတွင် သမားရိုးကျ ရိုးရာကာကွယ်ဆေး များ သာမက ကာကွယ်ဆေးနည်းပညာသစ်များထွန်းကား လာဦးမည် ဖြစ်ပါသည်။
ရောဂါကူးစက်ပုံကို သိလာသောအခါ လူတစ်ယောက် နှင့်တစ်ယောက် အနည်းဆုံး သုံးပေအကွာမှ နေစေသည်။ အတူသွား အတူစား ကိုယ်လက်နှီးနှောခြင်းမှ မကူးစက် စေရန်ဖြစ်သည်။
တစ်ဦးနှင့်တစ်ဦး နှာရည်၊ တံတွေးမှုန်များ မကူးမထိ စေရန် နှာခေါင်းစည်းများ တပ်စေသည်။ လက်ဆွဲနှုတ် ဆက် ဖက်ယမ်းနှုတ်ဆက်ခြင်းကို ကန့်သတ်လိုက်သည်။
ရောဂါဖြစ်ပွားခံစားနေရသူ တစ်ယောက်က ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်းကြောင့် လွင့်ပါးလာသော တံတွေးမှုန်၊ နှာရည်မှုန်များထဲတွင် ကိုဗစ်နိုင်တင်းရောဂါပိုးများ လွင့်ပျံလာမည်။ လူကောင်း တစ်ယောက်၏ နှာခေါင်းပါးစပ်မှတစ်ဆင့် လည်ချောင်း လေပြွန်ကိုဖြတ်ကာ အဆုတ်ထဲသို့ ဝင်သွားမည်။ အဆုတ် ၏ ဆဲလ်မျက်နှာပြင်ပေါ်ရှိ ခန္ဓာကိုယ်တုံ့ပြန်မှုကို လက်ခံ သောပစ္စည်းနှင့် ပေါင်းစပ်၍ ဆဲလ်ထဲသို့ ဝင်ရောက်သွား သည်။ တုပ်ကွေးဗိုင်းရပ်စ်သည် အဆုတ်လေရှူအိတ် ကလေးထဲတွင်နေပြီး ဆဲလ်၏ နျူကလိယပ်ကို အသုံးပြု သည်။
ကိုရိုနာဗိုင်းရပ်စ်ကား ခန္ဓာကိုယ်တွင်း ဆဲလ်ထဲဝင်ရန် မျိုးရိုးဗီဇအချက်အလက်များရှိသောကြောင့် နျူကလိယပ်မလိုချေ။ ရိုင်ဘိုဇုန်းဟုခေါ်သော စက်ရုံကို တိုက်ရိုက်သွား၍ ဗိုင်းရပ်စ်အချွန်အတက်များ ပြုလုပ် လိုက်သည်။ ခန္ဓာကိုယ်တွင်း ဆဲလ်ယန္တရားက ထိုအချွန် အတက်များကို သယ်ဆောင်ပြီး ဆဲလ်၏အပြင်လွှာတွင် ကပ်ပေးလိုက်သည်။ ထို့နောက် ဗိုင်းရပ်စ်အသစ်သည် အသင့်အနေအထားဖြင့် ခန္ဓာကိုယ်တွင်းဆဲလ်မှ ထွက်သွားလေတော့ သည်။
ကိုရိုနာဗိုင်းရပ်စ် ဘယ်လိုအလုပ်လုပ်သလဲဆိုသည် ကို သိပ္ပံပညာရှင်များက လေ့လာပြီးပြီဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်၏ မျက်နှာပြင်ပေါ်တွင် သရဖူနှင့်တူသော အချွန် အတက်ကလေးပါရှိ၍ ချစ်စဖွယ်ဖြစ်သည်။ Sars-CoV–2 ဗိုင်းရပ်စ်က ကိုဗစ်နိုင်တင်းကို ဖြစ်စေခဲ့သည်။ အလွယ်တကူ ကူးစက်ပြန့်ပွားနိုင်သော ရောဂါပိုးဖြစ်၍ လေပြွန်နှင့် အဆုတ်ကို အကြီးအကျယ်ထိခိုက်စေကြောင်း၊ အသက် ဆုံးရှုံးနိုင်ကြောင်း သိနေကြပါပြီ။
ကိုဗစ်နိုင်တင်း ခန္ဓာကိုယ်တွင်းသို့ စတင်ဝင်ရောက် ပြီးနောက် ကိုယ်တွင်းဆဲလ်များတွင် မျိုးပွားကြသည်။ မျိုးရိုးဗီဇထဲတွင် မျိုးပွားအလွန်မြန်သော သတ္တိပါဝင် သည်။ ဗိုင်းရပ်စ်များ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သည့် အခါ မျိုးရိုးဗီဇဆဲလ်များ ပျက်စီးမသွားစေရန် အသားဓာတ် အခွံမာက ကာပေးသည်။ မျက်နှာပြင်ပေါ် တွင် Envelop ခေါ် နောက်အဖုံးတစ်ခုက လူ့ခန္ဓာကိုယ် တွင်း ဆဲလ်များနှင့် ထိတွေ့ဖို့ ဆောင်ရွက်ကူညီသည်။ Envelop ပေါ်တွင် အချွန်အတက်လေးများပါရှိ၍ လူ့ခန္ဓာ ကိုယ်တွင်းဆဲလ် မျက်နှာပြင်နှင့် တွယ်ကပ်ပေါင်းစပ်ကာ ဝင်ရောက်သွားနိုင်သည်။ လူ့ခန္ဓာကိုယ်တွင်းဆဲလ်များ ထဲမှ ပစ္စည်းများကို ခန္ဓာကိုယ်တွင်း စက်ရုံဖန်တီး၍ ဗိုင်းရပ်စ်အသစ်များပွားသည်။
လူများတွင် အဆုတ်နှစ်ခြမ်းရှိသည်။ အဆုတ် တစ်ခြမ်းစီတွင် သီးသန့်အပိုင်းများရှိသည်။ အသက်ရှူ သောအခါ လေများသည် ပင်မလေပြွန်ကိုဖြတ်၍ လေပြွန် ကြီး နှစ်ခုသို့ရောက်သည်။ ထိုမှတစ်ဆင့် လေပြွန်လေးများ ကိုဖြတ်ကာ ၎င်း၏အဆုံးရှိ လေအိတ်အသေးလေးများ ဆီသို့ ရောက်ရသည်။ လေပြွန်နှင့် လေအိတ်ကလေးများ သည် အလွယ်တကူ ရှုံ့နိုင်ဆန့်နိုင်ကြသည်။ လေရှူသွင်း သောအခါ လေအိတ်ကလေးများကျယ်လာပြီး လေရှူ ထုတ်လိုက်သောအခါ လေအိတ်ကလေးများက ရှုံ့သွား သည်။ လေအိတ်ကလေးများ၏ ပတ်ပတ်လည်တွင် သွေးကြောမျှင်လေးများရှိသည်။ ထိုဆံခြည်မျှင် သွေးကြောမျှင်ထဲသို့ ရှူသွင်းလိုက်သည့် အောက်ဆီဂျင်က ဝင်သွားပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်များသည် သွေးကြော မျှင်များမှ ထွက်လာသည်။ ထွက်လာသော ကာဗွန်ဒိုင် အောက်ဆိုဒ်များသည် လေအိတ်လေးများထဲသို့ ဝင်သွား ပြီး အသက်ရှူထုတ်သောအခါ နှာခေါင်းမှတစ်ဆင့် ပြန် ထွက်သွားသည်။
လေပြွန်ရှိ အမျှင်လေးများသည် အပြင်မှဝင်လာသော ပိုးမွှားအမှုန်အမွှား အညစ်အကြေးများကို လေပြွန်ပြင်ပသို့ ချောင်းဆိုးခြင်းဖြင့် ထုတ်ပစ်သည်။ မူမှန်အခြေအနေတွင် ခန္ဓာကိုယ်တွင်း ခုခံအားစနစ်သည် ရောဂါပိုးမွှားများကို တိုက်ခိုက်ပေးသည်။
သို့သော် ခုခံအားကျဆင်းသောအချိန်တွင် ရောဂါ ပိုးမွှားက အနိုင်ယူသွားသည်။ ထိုအခါ လေပြွန်တစ် လျှောက် ဝင်ရောက်လာပြီး ဗိုင်းရပ်စ်များ များလာသည် နှင့်အမျှ လေအိတ်ကလေးများ ပတ်ပတ်လည်တွင် အရည်များစုလာမည်။ ထို့ကြောင့် အသက်ရှူခက်လာ မည်။ အောက်ဆီဂျင်လည်း မရတော့။ အဆုတ်အအေး မိခြင်း၊ အဆုတ်ထဲရေဝင်ခြင်း ရောဂါလက္ခဏာ နမိုးနီးယားအပြင်းစား ခံစားရသည်။
အသက်ရှူခက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုး ခြင်း၊ တုန်ချမ်း၍ ဖျားခြင်း၊ သတိလက်လွတ်ခြင်း၊ ခေါင်း ကိုက်ခြင်း၊ ခန္ဓာကိုယ်ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ် အားကုန်ခြင်း ဖြစ်လာသည်။ အသက်ရှူ လမ်းကြောင်း ပျက်စီးသွားသည်။
အသက်မရှူနိုင်သောကြောင့် အသက်ရှူစက်ကူမှ အသက်ချမ်းသာရာ ရနိုင်တော့မည်။
SAR CoV 2 ဖြစ်ပြီးပါက ကိုယ်ခံအားရလာပြီး၍ နောက်ထပ်မဖြစ်တော့ဆိုခြင်းမှာ ဟုတ် မဟုတ် သက်သေ မပြနိုင်သေးပါ။
ထို့ပြင် ကိုဗစ်နိုင်တင်းနှင့် အလားတူ ရောဂါများ လာနိုင်သေးသည်ဟု ပညာရှင်များက ခန့်မှန်းထားပါ သည်။ ထို့ကြောင့် ဘယ်လိုကာကွယ်တိုက်ဖျက်မလဲ ဆိုတာ လူတိုင်းသိထားလျှင် အကျိုးရှိပါသည်။
ဗိုင်းရပ်စ်များခန္ဓာကိုယ်တွင်း မဝင်ရောက်မီ လက်မှာ တွယ်ကပ်နေစဉ် သုတ်သင်ရှင်းလင်းပစ်နိုင်သည်။ ဆပ်ပြာ နှင့် ဆေးကြောခြင်းက အလွယ်ကူဆုံးနှင့် အကောင်းဆုံး နည်းလမ်းဖြစ်သည်။
ဆပ်ပြာ၏ အခြေခံမှာ ဆီတစ်မျိုးမျိုးနှင့် ကော့စတစ် ဆိုဒါကို ရောကျိုဓာတ်ပြုထားခြင်း ဖြစ်၏။ ခေတ်မီ တိုးတက်လာသည်နှင့်အမျှ ဆပ်ပြာထဲတွင် အဏုဇီဝ ပိုးသတ်ဆေးများ ထည့်သွင်းထားသည့် အဆင့်မြင့်ဆပ်ပြာ များလည်း ရနိုင်နေပါပြီ။
ဆပ်ပြာထဲတွင် ဆားထိပ်ပိုင်းနှင့် ဖက်တီးအက်စစ် အမြီးပိုင်း ပါဝင်သည်။ ဆပ်ပြာတိုက် ဆေးကြောစဉ် ဆား ထိပ်ပိုင်းသည် ရေထဲပျော်ဝင်သည်။ ဖက်တီးအက်စစ် အမြီးပိုင်းက ဗိုင်းရပ်စ်၏ ဆီပါဝင်သောအပိုင်းကို ဆွဲယူ သည်။ ထို့ကြောင့် ဗိုင်းရပ်စ်ရှိ အဆီပိုင်းသည် ဗိုင်းရပ်စ်၏ ခန္ဓာကိုယ်မှ ပြုတ်ထွက်ကာ ဆပ်ပြာရည်ထဲပါသွားပြီး တွဲလျက်ရှိသည့် ပရိုတင်းအသားပိုင်းလည်း ပြုတ်ထွက် ပျက်စီးရလေသည်။ ထိုဖြစ်စဉ်သည် စက္ကန့် ၂၀ ခန့်ကြာ သည်။
အဏုဇီဝပညာရှင်များက လက်ကို ၅ စက္ကန့်၊ ၁၀ စက္ကန့်၊ ၁၅ စက္ကန့် စသည်ဖြင့် ဆေးကြောပြီး ခရမ်းလွန် ရောင်ခြည်အောက်တွင် ပိုးမွှားသန့်စင်မှုကို စစ်ဆေးရာ စက္ကန့် ၂၀ ကြာ အချိန်ယူဆေးကြောမှ ဗိုင်းရပ်စ်များ ကုန်စင်ကြောင်း တွေ့ရသည်။
ဆိုလိုသည်မှာ လက်ဆေးတိုင်းလည်း အကျိုးမရှိပါ။ ဆပ်ပြာနှင့် စနစ်တကျ ဆေးကြောပြီး စက္ကန့် ၂၀ အချိန် ယူမှ ပိုးမွှားကင်းစင်သည်ဟု ဆိုခြင်းဖြစ်ပါသည်။ လက်ဆေးကြောစဉ် ၁ မှ ၂၀ အထိ စိတ်ထဲမှ ရေတွက်၍ ဆပ်ပြာတိုက်ပါ။ ပြီးမှ ရေလောင်းဆေးကြောပါ။
ကိုဗစ်နိုင်တင်း ကာလတွင် လက်ဆေးခြင်း အနုပညာ က တော်တော်ခေတ်စားလာပါသည်။ လက်မကြာခဏ ဆေးပါဆိုသဖြင့် ဆေးကြပါသည်။ လက်ဆေးရန် စင်များ လှူဒါန်းသူများကိုလည်း အထူးပင် ကျေးဇူးတင်စရာကောင်း သည်။ အရေးကြီးလာလျှင် ကူညီမည်ဆိုသည့် စိတ်ကလေး တွေကို မွေးမြူပြီးသားဖြစ်သွားပါသည်။ လှူဒါန်းသူ၊ ပညာပေး လှုံ့ဆော်သူ၊ ဦးဆောင်သူတွေ၏ ရည်မှန်းချက်ကို ပြည့်စုံအောင် အကျိုးရှိစွာ အသုံးချနိုင်ဖို့ပဲ လိုပါသည်။
မြန်မာ့ လူနေမှုဘဝတွင် ပြောင်းလဲစရာတွေလည်း များစွာရှိနေဆဲဖြစ်သည်။ ဧည့်သည်ကို တည်ခင်းသည့် ထမင်းပွဲတွင် လက်ဆေးရန် ရေဖလားလေး တစ်လုံး၌ ရေထည့်ပေးထားသည်။ ဧည့်သည်က ချေးနူးရုံ လက်ကို ရေဆွတ်ပြီး ထမင်းစားလိုက်ကြပါသည်။ လက် နှင့် ထမင်း စားလိုလျှင် ဆပ်ပြာနှင့် သေချာစွာဆေးကြောပြီးမှ စားဖို့ တိုက်တွန်းလိုပါသည်။
ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များ၊ ဆေးဝါး စက်ရုံများတွင် အပြည်ပြည်ဆိုင်ရာ လက်ဆေးနည်း အဆင့် (၇)ဆင့်ကို အစဉ်အဆက်လိုက်နာကြပါသည်။
လက်နှစ်ဖက်ကိုရေလောင်းပါ။ ဆပ်ပြာ သို့မဟုတ် ဆပ်ပြာရည်ထည့်ပါ။
၁။ လက်ဖဝါးနှစ်ဖက်ကို ပွတ်တိုက်ပါ။
၂။ ထိုအနေအထားမှ လက်ချောင်းလေးများကြား ပွတ်တိုက်ပါ။
၃။ ဘယ်လက်ခုံကို ညာလက်ဝါးဖြင့်၊ ညာလက်ခုံကို ဘယ်လက်ဝါးဖြင့် တစ်လှည့်စီ ပွတ်တိုက်ပါ။
၄။ လက်မတစ်ချောင်းလုံးကို အရင်းမှအဖျား လှည့်ပတ်ပွတ်တိုက်ပါ။
၅။ ဘယ်လက်သီးဆုပ်၍ လက်ချောင်းလေးများ နောက်ဘက်ကို ညာလက်ဝါးပေါ်တွင် ပွတ်တိုက် ပါ။ ညာလက်သီးဆုပ်ကိုလည်း ဘယ်လက်ဝါးထဲ တွင် အလားတူပွတ်တိုက်ပါ။
၆။ ဘယ်ဘက်လက်သည်းများကို ညာဘက်လက် ဝါးပေါ်တွင် ထောင်၍ ပွတ်တိုက်ပါ။ ညာဘက် လက်သည်းများကိုလည်း ဘယ်ဘက်လက်ဝါး ပေါ်တွင် ထောင်၍ တိုက်ပါ။
၇။ လက်ကောက်ဝတ်နှစ်ဖက်ကို တိုက်ချွတ် ဆေးကြောပါ။
ရေလောင်းပြီး စင်အောင်ဆေးပါ။ ခြောက်သွေ့ အောင် လေမှုတ်ခြင်း။ တစ်သျှူး သို့မဟုတ် အဝတ်သန့် ဖြင့် သုတ်ခြင်းပြုပါ။ (သရုပ်ပြပုံမှာကြည့်လျှင် လွယ်ကူ ပါသည်။) လက်ကိုရေဆေးတိုင်း အကျိုးရှိအောင် ဆေးနိုင်ဖို့ လိုပါသည်။

ဘတ်စ်ကား၊ တက္ကစီများနှင့် ခရီးသွားလျှင်သော် လည်းကောင်း၊ ရှော့ပင်းစင်တာ သွားလျှင်လည်းကောင်း ခုံများ၊ စားပွဲများ၊ တံခါးလက်ကိုင်များကို ကိုင်တွယ်ရ သည်။ လက်ဆေးဖို့ အခွင့်အလမ်း မရှိလျှင် လက်သန့်စင် ဆေးများကို ဆောင်ထားပြီး လက်ထဲညှစ်ထည့်၍ သုတ်လိမ်းသန့်စင်နိုင်ပါသည်။ အထူးသဖြင့် ထိုဆေး ရည်တွင် အီသာနော (အရက်) ၆၀–၇၀ ရာခိုင်နှုန်း၊ မီသာနော ၅ ရာခိုင်နှုန်း၊ ကလိုဟက်ဇီဒင်း ဂလူကိုနိတ် ၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် နှစ်သက်ရာအနံ့ လာဗင်ဒါ၊ လိမ္မော်၊ ယူကလစ် တစ်ခုခု ထည့်ရပါသည်။ မြန်မာပြည် တွင် ကလိုဟက်ဇီဒင်း တင်သွင်းထားခြင်း မရှိသေး သည့်အတွက် ဧပြီလနှင့် မေလအတွင်း ထုတ်လုပ် ရောင်းချသူများသည် အယ်လ်ကိုဟောအားကိုးဖြင့် ထုတ်ရောင်းခဲ့ကြပါသည်။ အလွန်ရောင်းကောင်းကြ၊ ခေတ်ပျက်သူဌေး ဖြစ်ကြပါသည်။ သို့သော် အယ်လ်ကို ဟောက ဘယ်လောက်ကောင်းပြီး ဗိုင်းရပ်စ်ကို တကယ်သတ်နိုင်လား မသတ်နိုင်လား မပြောနိုင်ပါ။ အယ်လ်ကိုဟော ရာခိုင်နှုန်း ၆၀–၇၀ ရာခိုင်နှုန်းထက် ကျော်သွားလျှင်လည်း အငွေ့ပြန်နှုန်းမြန်၍ ပိုးသတ်စွမ်း အား ကျဆင်းပါသည်။ အရက်အခြေခံ လက်သန့်စင် ဆေးကို အရက်နှင့် မတည့်သူများ အသုံးပြုလျှင် အနီပြင် ထွက်ခြင်း၊ ယားယံခြင်း ဖြစ်တတ်ပါသည်။
ထိုသူများက ရေအခြေခံ လက်သန့်စင်ဆေးများ သုံးကြရပါသည်။ မြန်မာပြည်အတွက် အဆင်သင့် မဖြစ်ခဲ့သေးပါ။ စင်ကာပူနိုင်ငံအစိုးရက မိသားစုတိုင်း အတွက် အခမဲ့ဝေပေးပါသည်။ ဖိထုတ်၍ရသောဘူးနှင့် ရပ်ကွက်ရုံးတွင် သွားယူရပါသည်။ ဘင်ဇာကိုနီယမ် ကလိုရိုဒ် ၀ ဒသမ ၀၅၄ ရာခိုင်နှုန်းနှင့် ပိုလီမာရစ် ဘီဂွါနိုက်ဟိုက်ဒရို ကလိုရိုဒ် ၀ ဒသမ ၀၀၄ ရာခိုင်နှုန်း ကို ရေနှင့်ဖျော်ထားခြင်းဖြစ်ပါသည်။ ယားယံခြင်း အဆိပ်အတောက်မဖြစ်ခြင်းကို အာမခံထားပါသည်။ ပိုမိုလူကြိုက်များသောပစ္စည်းမှာ ဂျယ်လီလက်သန့်ဆေး ဖြစ်ပါသည်။ အထက်ကဖော်ပြခဲ့သော ရေအခြေခံ လက်သန့်ဆေးကို ပိုမိုကောင်းမွန် အောင် ရှားစောင်း လက်ပပ်ဂျယ်လီ သို့မဟုတ် တခြားနည်းဖြင့် ဂျယ်လီ ဖြစ်စေကာ လက်ဆေးဖို့မလိုဘဲ လက်ကို ပိုးမွှား ကင်းစင်စေမည်ဖြစ်ပါသည်။ ဤသည်လည်း ကိုဗစ် နိုင်တင်း၏ ကောင်းကျိုးတစ်ကွက်ပင်။ မြန်မာ့ဆေးဝါး ဈေးကွက်တွင် ဤပစ္စည်းများ အနာဂတ်၌ ရှိလာပါ တော့မည် ဖြစ်ပါသည်။ ။


