၃ ဒီဇင်ဘာ
ယခုတစ်ခေါက် ကျိုတိုမှ ပေးစာများ ဆောင်းပါးတွင် ကျိုတိုမြို့ရှိ နာမည်ကျော် ကျိုတိုတက္ကသိုလ် (Kyoto University) အကြောင်းတင်ပြသွားပါမယ်။
တကယ်တော့ ကျိုတိုတက္ကသိုလ်ဆိုတာစာရေးသူဧည့်သုတေသီအဖြစ် လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အရှေ့တောင် အာရှဒေသလေ့လာရေးစင်တာ (CSEAS) ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တာကြောင့် ပြောမယ် ဆိုရင် စာရေးသူဟာ ကျိုတိုတက္ကသိုလ် ဝန်ထမ်းတစ်ဦးအဖြစ် တစ်စိတ်တစ်ပိုင်း ပတ်သက်နေပါတယ်။
လက်ရှိ အသုံးပြုနေတဲ့ အီးမေးလ်ကလည်း ကျိုတိုတက္ကသိုလ်ရဲ့ အီးမေးလ်ဖြစ်ပြီး အမည် ကတ်ပြား (name card) မှာလည်း ကျိုတို တက္ကသိုလ်လို့ ဖော်ပြထားပါတယ်။ နေတာ ကလည်း ကျိုတိုတက္ကသိုလ်ပိုင် အဆောင်မှာ ဖြစ်ပြီး တက်ရတဲ့ရုံးကလည်း ကျိုတို တက္ကသိုလ်ဝင်းထဲမှာ ဖြစ်ပါတယ်။ နေ့လယ်စာ စားရင် တက္ကသိုလ်ကင်န်တင်းမှာပဲ ကျောင်းသားတွေနဲ့ ရောနှောစားသောက်တာ ဖြစ်လို့ ကျိုတိုတက္ကသိုလ်ဟာ စာရေးသူနဲ့ မစိမ်းပါဘူး။
အခု ကျိုတိုတက္ကသိုလ်အကြောင်း ရေးမယ်ဆိုတော့ ကျိုတိုပင်မတက္ကသိုလ် (main campus) ဆီ နှစ်ခေါက်၊ သုံးခေါက် သွားလည်ခဲ့ပါတယ်။ စာရေးသူရဲ့ ရုံးက ပင်မတက္ကသိုလ်ဝင်းထဲမှာ ရှိတာမဟုတ်ဘဲ အခြားပရိဝုဏ်တစ်ခု (hospital campus) မှာရှိနေတာဖြစ်လို့ ကျိုတိုတက္ကသိုလ် အကြောင်းရေးမယ်ဆိုရင် ပင်မတက္ကသိုလ် ပရိဝုဏ်နဲ့ ရင်းနှီးဖို့လိုပါတယ်။ ရုံးကနေ ပင်မတက္ကသိုလ်ကို ၁၀ မိနစ်လောက် လျှောက်ရပါတယ်။ ပင်မတက္ကသိုလ်ဟာ ကျိုတိုရဲ့ နာမည်ကျော် ယိုရှီဒါနတ်ကွန်း (Yoshida Shrine) အနီးမှာ တည်ရှိပြီး သာယာလှပတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါ တယ်။
ပင်မတက္ကသိုလ်ဝင်းဟာ အလွန်တော့ မကြီးမားလှပါဘူး။ သူ့ရဲ့ပင်မဝင်ဂိတ်ကလည်း မကြီးမားလှပါဘူး။ ဂိတ်ဘေးမှာ ရေးထိုး ထားတဲ့ ကျိုတိုတက္ကသိုလ်ဆိုတဲ့ စာလုံး ကလည်း သာမန်ပါပဲ။ အစက တက္ကသိုလ် ပင်မဂိတ်ဝကိုရောက်နေတာကော ဟုတ်ရဲ့ လားလို့တောင် တွေးမိခဲ့ပါတယ်။
အမြင်မကြီးမားလှဘူး ဆိုပေမယ့် အတွင်းမှာတော့ အတော်ကျယ်ပါတယ်။ ပင်မ ဂိတ်ကနေ တက္ကသိုလ်အတွင်း လှမ်းကြည့် မယ်ဆိုရင် ကျိုတိုတက္ကသိုလ်ရဲ့ လိုဂိုမှာပါတဲ့ တက္ကသိုလ်ရဲ့ အမှတ်အသားလည်းဖြစ်တဲ့ အစိမ်းရောင် ပရုတ်ပင် (Camphor Tree) နဲ့ သူ့နောက်မှာ ကြွားကြွားဝင့်ဝင့် တည်ရှိနေတဲ့ တက္ကသိုလ်နာရီစင်ကြီး (Clock Tower) ကို နှစ်တစ်ရာခန်းမကြီး (Centennial Hall) နောက်ခံနဲ့ တွေ့မြင်ရမှာဖြစ်ပြီး ကျောင်းဝင်း အတွင်း လှုပ်ရှားနေမှုများမျက်စိထဲ ကွက်ကွက် ကွင်းကွင်းပေါ်ပါတယ်။

တစ်နေ့အလုပ်ကနေ နေ့လယ်ပိုင်းပင်မ တက္ကသိုလ်ကျောင်းဝင်းဆီသွားပြီး ကျောင်း ဝင်းထဲက စာကြည့်တိုက်နားမှာ တစ်ယောက်တည်းထိုင်ရင်း လွတ်လပ် ပျော်ရွှင်စွာ ရယ်မောသွားလာနေကြတဲ့ ဂျပန် ကျောင်းသား ကျောင်းသူတွေကို ငေးမော ကြည့်ရှုနေမိတယ်။
တချို့ ဂျပန်ကျောင်းသားတွေ လက်ထဲမှာ ရပ်ဘီဘောလုံးတွေ (Rugby)၊ လေး၊ မြားပစ် ကိရိယာတန်ဆာပလာတွေ၊ ကြီးမားလှတဲ့ တူရိယာပစ္စည်းတွေ သယ်ဆောင်သွားလာ နေကြတာတွေ့ပါတယ်။ အတွေးနယ်ချဲ့ မိတယ်။ ကျိုတိုဆိုတာ ဂျပန်နိုင်ငံရဲ့ မြို့တော် မဟုတ်ပါဘူး။
ဂျပန်ရဲ့ နယ်မြို့ တစ်မြို့ပဲ ဖြစ်ပါတယ်။ ၂၀၁၉ နောက်ဆုံးစာရင်းအရဆိုရင် လူဦးရေအရွယ်အစားနဲ့ ကြည့်ရင် ကျိုတိုဟာ ဂျပန်ရဲ့ ရှစ်ခုမြောက် အကြီးမားဆုံးမြို့ ဖြစ်ပါတယ်။ အခုလို နယ်မြို့တစ်မြို့ရဲ့ ကျောင်းသားတွေ နိုင်ငံတကာအဆင့်တေးဂီတ၊ အားကစားစတာတွေနဲ့ ထိတွေ့နေနိုင်ချိန်မှာ မြန်မာနိုင်ငံလို နိုင်ငံတစ်နိုင်ငံက တက္ကသိုလ် ကျောင်းသားတွေရဲ့ လိုအပ်ချက်ဆိုတာ ကြီးမားလှပါတယ်။ ထားပါလေ။ ဂျပန်ဆိုတာ အာရှမှာသာမက ကမ္ဘာမှာတောင် ထိပ်တန်း နိုင်ငံတစ်နိုင်ငံ မဟုတ်လား။
ကျိုတိုတက္ကသိုလ်အကြောင်း ပြန်ဆက် ရရင် ကျိုတိုတက္ကသိုလ်ကို ၁၈၉၇ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ ဂျပန်နိုင်ငံရဲ့ ဒုတိယမြောက် တက္ကသိုလ်အဖြစ် ဂျပန်ဘုရင်နန်းတော်အမိန့်နဲ့ တည်ထောင်ပါတယ်။ တည်ထောင်တဲ့အချိန်မှာ ကျိုတိုဘုရင့်တက္ကသိုလ် (Kyoto Imperial University) အဖြစ် တည်ထောင်ခဲ့ခြင်း ဖြစ်ပါ တယ်။ ၁၈၉၉ ခုနှစ် ဒီဇင်ဘာလမှာ တက္ကသိုလ် စာကြည့်တိုက်နဲ့ တက္ကသိုလ်ဆေးရုံတို့ကို ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် အောက်တိုဘာ လမှာ ကျိုတိုဘုရင့်တက္ကသိုလ်မှ ကျိုတို တက္ကသိုလ်အဖြစ် အမည်ပြောင်းလဲခဲ့ပါတယ်။
၂၀၁၇ ခုနှစ်အထိ ကျိုတိုတက္ကသိုလ်မှာ မဟာဌာနကြီး ၁၀ ခု၊ ကျောင်း ၁၇ ကျောင်း၊ သုတေသနအဖွဲ့အစည်း ၁၃ ခုနဲ့ အခြား ပညာရေးဌာန ၂၂ ခု ရှိပါတယ်။ ၎င်းတို့အနက်မှ အရှေ့တောင်အာရှသုတေသနဌာန (CSEAS) ကို ၁၉၆၅ ခုနှစ် ဧပြီလမှာ တည်ထောင်ခဲ့ပါ တယ်။ ကျိုတိုတက္ကသိုလ်ပြတိုက်ကို ၁၉၉၇ ခုနှစ် ဧပြီလမှာဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဆိုခဲ့သလို ကျိုတိုတက္ကသိုလ်ရဲ့ အဓိကမြင်ကွင်း အမှတ်အသားက နာရီစင်ကြီးနဲ့ ပရုတ်ပင် ဖြစ်ပါတယ်။ နာရီစင်ကြီးကို ၁၉၂၅ ခုနှစ်မှာ စတင်ထားရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျိုတို တက္ကသိုလ်ရဲ့ စာကြည့်တိုက်များအတွင်း စာအုပ်ပေါင်း ခုနစ်သန်းကျော် သိမ်းဆည်းထား ရှိတယ်လို့ သိရပါတယ်။ ကျိုတိုတက္ကသိုလ် ပင်မကင်န်တင်းတွေမှာ ကျောင်းသားများ စားသုံးမှု အများဆုံးအစားအစာကတော့ Yogurt with Fruit နဲ့ “President’s” Curry ဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ် နောက်ဆုံး စာရင်းများအရ ကျိုတိုတက္ကသိုလ်မှာ တက်ရောက် သင်ကြားနေတဲ့ ဘွဲ့ကြိုနဲ့ ဘွဲ့ရ ၂၂၆၂၉ ဦးရှိပြီး ၎င်းတို့အနက် ၂၇၃၂ ဦးက နိုင်ငံခြားသားကျောင်းသားများ ဖြစ်ကြပါ တယ်။ ကျောင်းစတင်တည်ထောင်တဲ့ ၁၈၉၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဘွဲ့ရကျောင်းသား ပေါင်း ၃၃၉၉၃၉ ဦး (ရိုးရိုးဘွဲ့- ၂၀၉၈၂၂၊ မဟာဘွဲ့- ၈၁၁၆၈၊ ဒေါက်တာဘွဲ့- ၄၄၈၅၀ နှင့် အခြားဘွဲ့- ၄၀၉၉) မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါ တယ်။ ၂၀၁၉ ခုနှစ် ဧပြီလအထိ ဂျပန်နိုင်ငံကနေ ကဏ္ဍပေါင်းစုံမှာ နိုဘယ်လ်ဆုရရှိသူ ၂၆ ဦး ပေါ်ထွက်ခဲ့ပြီးဖြစ်တဲ့အနက် ကျိုတိုတက္ကသိုလ် တစ်ခုတည်းမှ ၁၀ ဦးပါဝင်ပါတယ်။ အမေရိကန် နိုင်ငံ နယူးယောက်မြို့ အခြေစိုက် ကမ္ဘာကျော် လူမှု၊ စီးပွားမဂ္ဂဇင်းကြီးတစ်စောင်ဖြစ်တဲ့ The CEOWORLD magazine ရဲ့ ၂၀၁၉ ခုနှစ် အကဲဖြတ်ချက်မှာ ကျိုတိုတက္ကသိုလ်ဟာ ဂျပန်နိုင်ငံမှာ ဒုတိယ၊ အာရှတိုက်မှာ ပဉ္စမနဲ့ တစ်ကမ္ဘာလုံးမှာအဆင့် ၄၄ အကောင်းဆုံး တက္ကသိုလ်အဖြစ် သတ်မှတ်ခြင်းခံရပါတယ်။
ကျိုတိုတက္ကသိုလ်မှာ တက္ကသိုလ်ဌာန အသီးသီးမှ နိုင်ငံတကာကျောင်းသားများ အတွက် ပညာသင်ဆုများရှိပေမယ့် အများ စုက တက္ကသိုလ်မှာစမ်းသပ်ချက် စာမေးပွဲ ဖြေဆိုရမည်ဖြစ်ရာ ဂျပန်နိုင်ငံကို ပထမဆုံး မိမိစရိတ်နဲ့ လာရောက်ဖို့ လိုပါတယ်။ ဒါပေမယ့် ဂျပန်အစိုးရကပေးအပ်တဲ့ ပညာ သင်ဆုရသူများ (Japanese Government (Monbukagakusho: MEXT) Scholarships) (https://www.studyjapan.go.jp/en/toj/toj0302e.html) အနေနဲ့ တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားနိုင်ပါတယ်။
ဒါ့အပြင် ပညာသင်ဆုနဲ့ ပတ်သက်ပြီး Asian Future Leaders Scholarship Program (AFLSP) (http://www.opir.kyoto-u.ac.jp/study/en/visa/asian/)နဲ့ Japan Student Services Organization (https://www.jasso.go.jp/en/) တို့သို့ မေးမြန်းစုံစမ်းဖို့ အကြံပြုထားပါတယ်။
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက် နေ့မှာ ကျိုတိုတက္ကသိုလ် Clock Tower ရှိ International Conference Hall မှာ ကျိုတို တက္ကသိုလ်ရှိ ဌာနအသီးသီးမှာ လုပ်ကိုင် ဆောင်ရွက်နေတဲ့ စာရေးသူတို့ နိုင်ငံတကာ သုတေသီတွေကို ညစာစားပွဲနဲ့ ဧည့်ခံပွဲတစ်ခု (Kyoto University Reception for International Academics) ပြုလုပ်ပါတယ်။

တက္ကသိုလ်မှာ လက်ရှိတာဝန် ထမ်းဆောင်နေသူ နိုင်ငံတကာ ဧည့်သုတေသီ ၁၀၀ နီးပါး တက်ရောက်ကြပါတယ်။ ကျိုတို တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌဖြစ်သူ Dr. Juichi Yamagiwa က အမှာစကားပြောကြားပြီး ဂျပန်ရိုးရာ တူရိယာတီးခတ်မှုအချို့နဲ့ ဖျော်ဖြေ ကာ ညစာအတူစားသောက်ကြပါတယ်။ စားသောက်ပွဲပြီးတော့ ည ၇နာရီခွဲရှိပြီ။ ညဘက်ရောက်တုန်းရောက်ခိုက် သူငယ်ချင်း တစ်ယောက်နဲ့အတူ ကျိုတိုတက္ကသိုလ် ညဘက်လှုပ်ရှားမှု မြင်ကွင်းများကို လေ့လာ ကြပါတယ်။ ကျောင်းသားအချို့ ညရောက်တဲ့ အချိန်တိုင်း ကင်န်တင်းမှာ စားသောက်ဆဲ ဖြစ်ပါတယ်။ အချို့လည်း ခေတ်မီခံ့ညား လှတဲ့ ပင်မစာကြည့်တိုက်မှာ အေးအေးလူလူ စာကြည့်နေကြပါတယ်။
တက္ကသိုလ်လမ်း တစ်လျှောက် လမ်းမီးတိုင်အောက် ထိုင်ခုံ တွေမှာ ကျောင်းသားအချို့ စာဖတ်နေကြတာ ကို တွေ့ရပါတယ်။ လမ်းပေါ်မှာစက်ဘီးနဲ့ ကျောင်းသားအချို့ သွားလာနေကြပါတယ်။ ကျောင်းဝင်းအတွင်း ကားအချို့ အဝင် အထွက်ရှိတာကို သတိပြုမိပါတယ်။ အဆောက်အဦတစ်ခုအနီး သစ်ပင်တစ်ပင် အောက်မှာ ကက်ဆက်ဖွင့်လျက် တေးဂီတသံ အချို့နဲ့အတူ ဂျပန်ကျောင်းသူနှစ်ဦး ညီညီ ညာညာ ကခုန်နေကြပါတယ်။
ညအမှောင်ကို အန်တုလျက် ကျိုတို တက္ကသိုလ်ရဲ့ သမိုင်းဝင်နာမည်ကျော် နာရီ စင်ကြီးက မီးထိန်ထိန်ညီးလျက်ရှိနေပါတယ်။ ကျိုတိုရဲ့ အောက်တိုဘာလ ညချမ်းက နာရီနဲ့ အမျှ အေးသထက် အေးစိမ့်လာနေပါတယ်။ သူငယ်ချင်းနဲ့အတူ ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ကျိုတိုတက္ကသိုလ် (ပင်မ)ကနေ ပြန်ထွက် လာတော့ ည ၈ နာရီ ထိုးလေပြီ။ ။
အောင်အောင် IR
