အောင်အောင် IR
၂၀၁၉ နိုဝင်ဘာလ နေ့တစ်နေ့တွင် စာရေးသူနှင့် ညီဖြစ်သူ နှစ်ဦးသား ကျိုတိုမြို့မှ တစ်နာရီခန့် ရထားစီးရသော နာရာမြို့သို့ တစ်နေ့တာ ခရီးထွက်ခဲ့ကြသည်။ ကျိုတိုမှ နာရာသို့ ပြေးဆွဲသော ရထားလိုင်းနှစ်လိုင်းရှိပြီး ခရီးစဉ်တစ်လျှောက် ကျိုတိုမှနာရာ အထိ ဘူတာရုံ ၂၁ ရုံရှိပါသည်။ JR Nara Line နှင့် Kintetsu Kyoto Line တို့ ဖြစ်ကြ သည်။ JR Nara Line တွင် ရထားအမျိုး အစား နှစ်မျိုးရှိပြီး တစ်မျိုးမှာ အမြန် (Rapid train) ဖြစ်ပြီး နောက်တစ်မျိုးမှာ လိုကယ်(Local train) ဖြစ်သည်။ အမြန်ရထားမှာ နာရာသို့ ၄၅ မိနစ်ခန့်အတွင်း ရောက်ရှိပြီး လိုကယ်ရထားမှာမူ ခရီးစဉ်တစ်လျှောက် ဘူတာရုံများတွင် ရပ်တန့်သဖြင့် တစ်နာရီကျော်ခန့် ကြာမြင့်တတ်သည်။ ရထား လက်မှတ်ခမှာ ယန်း ၇၁၀ ဖြစ်သည်။
Kintetsu Kyoto Line တွင်လည်း ရထားအမျိုးအစား နှစ်မျိုးရှိကာ တစ်မျိုးမှာ အမြန် (Express train) ဖြစ်ပြီး နောက် တစ်မျိုးမှာ အထူးအမြန် (Limited Express) ဖြစ်သည်။ အမြန်ရထားမှာ ကြာမြင့်ချိန် မိနစ် ၅၀ ဖြစ်ပြီး လက်မှတ်ခမှာ ယန်း ၆၂၀ ဖြစ် သည်။ အထူးအမြန်ရထားမှာ ကြာမြင့်ချိန် ၃၅ မိနစ်ဖြစ်ပြီး လက်မှတ်ခမှာ ယန်း ၁၁၃၀ ဖြစ်သည်။ Kintetsu Kyoto Line ၏ ရထားလက်မှတ်ခမှာJR Nara Line ထက် ပိုမို သက်သာသည့်အပြင် နာရာမြို့တွင် Kintetsu Kyoto Line မှ ရထားဆိုက်ရောက်မည့် Kintetsu Nara Station မှာJR Nara Line မှ ရထားဆိုက်ရောက်မည့် JR Nara Station ထက် ပိုမိုအချက်အချာကျသောနေရာတွင် တည်ရှိပြီး နာရာတွင် တိုးရစ်များ အဓိကလည်ပတ်ကြသော နေရာများနှင့် ပိုမိုနီးကပ်စွာ တည်ရှိသည်ဟု သိရသည်။ ရထား လက်မှတ်ခနှင့် ခရီးကြာမြင့်ချိန်မှာ စီးနင်းသည့် ရထားအမျိုးအစားအပေါ်မူတည်ပြီး အပြောင်းအလဲရှိမည် ဖြစ်သော်လည်း မည်သည့်ရထားစီးစီး ကျိုတိုမှ နာရာသို့ ယေဘုယျ ရထားကြာမြင့်ချိန်မှာ တစ်နာရီ ဖြစ်ပါသည်။
စာရေးသူတို့သည် အဆိုပါရထား ခရီးစဉ် သတင်းအချက်အလက်ကို သေချာ မသိရှိခဲ့ကြသဖြင့် ကျိုတိုဘူတာရောက်မှ အနီးစပ်ဆုံးအချိန် ရထားကို စီးနင်းခဲ့ကြရာ ကျိုတိုမှ နာရာအထိ တစ်နာရီခန့် ကြာမြင့် ခဲ့သည်။ ကျိုတိုဘူတာရုံမှ နံနက် ၈ နာရီခန့် တွင် စတင်ထွက်ခွာခဲ့ကြပြီး နာရာဘူတာရုံသို့ နံနက် ၉ နာရီခန့်တွင် ရောက်ရှိသည်။ နာရာတွင် တစ်နေကုန် လည်ပတ်ပြီးနောက် ညနေ ၆ နာရီခန့်တွင် ပြန်လည်ထွက်ခွာလာရာ ကျိုတိုသို့ ၇ နာရီခန့်တွင် ပြန်လည်ရောက်ရှိသည်။ ကျိုတိုမှ နာရာသို့ အသွားမီးရထားခ ယန်း ၇၂၀ ပေးရပြီး နာရာမှ ကျိုတိုသို့ အပြန်မီးရထားခ ယန်း ၆၄၀ ပေးရသည်။ လမ်းတွင် ဘူတာရုံ ၂၁ ရုံခန့်ကို ဖြတ်သန်းခဲ့ပြီး ဘူတာရုံတစ်ဝက်ခန့်တွင် မီးရထားခေတ္တရပ်နားသည်ကို သတိပြုမိသည်။ ကျိုတိုမှ နာရာခရီးစဉ် လမ်းတစ်လျှောက် အချို့နေရာများတွင် မြင်ကွင်း အများစုမှာ ကျေးလက်ဆန်ပြီး လူနေအိမ် လုံးချင်းများ၊ စက်ရုံအလုပ်ရုံများ၊ စိုက်ပျိုးခင်း ငယ်များ၊ သုသာန်များ၊ မြေလွတ်မြေရိုင်း အချို့နှင့် ဝါးရုံတော အချို့ကို သတိပြုမိသည်။
နာရာဘူတာရုံ (JR NaraStation) ရောက်ရှိပြီးနောက် နာရာပန်းခြံဆီသို့သွားသော ဘတ်စ်ကားလက်မှတ်ဝယ်ယူကာ အရှေ့ဘက် ဂိတ် (East Gate) မှထွက်ပြီး ဘတ်စ်ကား မှတ်တိုင် အမှတ် -၂ (Bus Stop 2) မှတစ်ဆင့် နာရာပန်းခြံ (Nara Park) သို့ သွားရောက်ခဲ့ကြသည်။ ဘတ်စ်ကားလက်မှတ်ခမှာ အသွားတစ်ကြောင်းစာ ယန်း ၄၀၀ ကျော်ကျသင့်ပြီး တစ်နေ့လုံးစာ ဘတ်စ်ကား ကြိုက်သလောက်စီး လက်မှတ်ဝယ်ပါက ယန်း ၆၀၀ ကျော် ကျသင့်သည်။ အမှန်မှာဘူတာရုံနှင့် နာရာဥယျာဉ်မှာ များစွာမကွာဝေးလှဘဲ မိနစ် ၂၀ ခန့်သာ လမ်းလျှောက်ရပါသည်။ တိုးရစ်မြို့တော် ဖြစ်သဖြင့် နေရာတကာတွင် လမ်းညွှန် ဆိုင်းဘုတ်များရှိကာ သွားရောက်လိုသည့် မည်သည့်နေရာမှ မလွဲနိုင်ပါ။ အပြန်တွင်လည်း ဘူတာရုံသို့ လမ်းညွှန် ဆိုင်းဘုတ်ကြည့် ပြန်ရုံသာ ဖြစ်သည်။ မိမိသွားလိုသည့် နေရာအများ စုမှာ နာရာပန်းခြံနှင့် အနီးတစ်ဝိုက်တွင်ဆိုပါက (ထင်ရှားသော နေရာအများစုမှာ နာရာပန်းခြံ အတွင်းနှင့် အနီးတွင်သာ ရှိပါသည်) ဘတ်စ်ကားလက်မှတ်ဝယ်ယူရန် မလိုအပ် လှပါ။
စာရေးသူ နာရာသို့မလာမီ အဓိကသွား ရောက်မည့်နေရာများကို စာရင်းပြုစုခဲ့ရာ Nara Park၊ Todaiji Temple၊ Kofukuji Temple၊ Horyuji Temple နှင့် Kasuga Grand Shrine တို့ ဖြစ်ပါသည်။ ဂျပန်နှင့် နိုင်ငံတကာ ခရီးသွား ဝက်ဘ်ဆိုက်များအရ နာရာတွင် တိုးရစ်များ မဖြစ်မနေ သွားရောက်သင့်သည့် ဘုရားကျောင်း သုံးကျောင်းမှာ Todaiji Temple၊ Kofukuji Temple နှင့် Horyuji Temple တို့ ဖြစ်ကြသည်။ Nara Park မှာ အထူးပြောရန် မလိုပါ။ နာရာသို့ လာရောက်သည့် ခရီးသွားတိုင်းနီးပါး Nara Park သို့ သမင်များကိုကြည့်ရှုရန် မဖြစ်မနေသွားရောက်ကြသည်။ Kasuga Grand Shrine၊ Todaiji Temple နှင့်Kofukuji Temple တို့မှာ Nara Park အတွင်းနှင့် အနီးအနားတစ်ဝိုက်တွင် တည်ရှိသည်ဖြစ်ရာ ပန်းခြံအတွင်းရှိ သမင်များကြည့်ရင်း၊ သမင်များနှင့် ရောနှောသွားလာရင်း အဆိုပါ သုံးနေရာသို့ ရောက်ရှိသွားမည် ဖြစ်သည်။ Horyuji Temple မှာမူ Nara Park မှ ဘတ်စ်ကားဖြင့် ၃၅ မိနစ်ခန့်အကွာတွင်တည်ရှိရာ အသွား၊ အပြန် လည်ပတ်လေ့လာမည့်အချိန်နှင့် အနည်းဆုံး နှစ်နာရီဝန်းကျင် ကြာမြင့်နိုင်ပါသည်။
စာရေးသူတို့ နာရာ တစ်နေ့တာ ခရီးစဉ်အတွင်း Horyuji Temple မှ လွဲ၍ သွားရောက်လိုသည့် နေရာသုံးနေရာနှင့် ခေတ်သစ်ဂျပန် စာပေသမိုင်းတွင် ထင်ရှားသည့် ဝတ္ထုရေးဆရာ နာအိုယာရှီဂါ (Naoya Shiga) (၁၈၈၃-၁၉၇၁) ၏ နာရာမြို့ရှိ အိမ်တော်ဟောင်းတို့ဆီသို့ ရောက်ရှိလေ့လာဖြစ်ခဲ့သည်။ နာရာမှအပြန် နာရာဘူတာရုံ (Kintetsu Nara Station) အနီးရှိ ဂျပန်စားသောက်ဆိုင်တွင် ညစာ ဝင်ရောက်သုံးဆောင်ဖြစ်ခဲ့ပြီး ညစာအဆာပြေ သို့မဟုတ် နောက်တစ်နေ့တွင် စားသုံးရန် ဘူတာရုံအနီးရှိ ဆိုင်တစ်ဆိုင်တွင် နာရာမြို့၏ နာမည်ကျော် ဖက်ဖြင့်တစ်ခုချင်းလိပ် ထုပ်ပိုး ထားသော ဆူရှီဘူး (Persimmon leaf sushi/ Magnolia Leaf Sushi) တစ်ယောက် တစ်ဘူး စီ ဝယ်ယူခဲ့ကြသည်။ တစ်ဘူးတွင် ဆူရှီခုနစ်ခု ပါရှိပြီး တစ်ဘူးလျှင် ယန်း ၁၀၃၀ ပေးရသည်။
နာရာသို့ တစ်ခေါက်မှ မရောက်ဖူးသူ များအနေဖြင့် နာရာတွင် တစ်ရက်တာ လည်ပတ်ရုံဖြင့် အချိန်လုံလောက်ပါ့မလားဟု သိလိုကြပါသည်။ စာရေးသူတို့သွားခဲ့သလို နာရာသို့ နံနက်စောစော ရောက်ရှိလည်ပတ် မည်ဆိုပါက နာရာတစ်နေ့တာ ခရီးစဉ်သည် အဓိကနေရာအများစုဆီသို့ သွားရောက်လည်ပတ်ရန် ကောင်းစွာလုံလောက်ပါသည်။ နာရာ ခရီးသွားဝက်ဘ်ဆိုက် များတွင်လည်း ထိုသို့ပင် ညွှန်းဆိုထားပါသည်။ နာရာအနီး ရထားခရီး တစ်နာရီခန့်အတွင်း ရောက်ရှိနိုင်သော မြို့နှစ်မြို့မှာ စာရေးသူနေထိုင်သော ကျိုတိုမြို့နှင့် ဂျပန်နိုင်ငံ၏ တတိယအကြီးမား ဆုံးမြို့တစ်မြို့ဖြစ်သည့် အိုဆာကာမြို့တို့ ဖြစ်ပါသည်။ တိုကျိုမြို့တော်မှ နာရာမြို့သို့ လာမည်ဆိုပါက တိုကျိုမှ ည ၁၀ နာရီခွဲဝန်းကျင်ထွက် နာရာသို့ မနက် ၇ နာရီဝန်းကျင် ရောက်ရှိမည့် ညလုံးပေါက် ဘတ်စ်ကားစီးနိုင်သည်။ ရှင်ကန်ဆန် ကျည်ဆန်ရထားဖြင့် လာရောက်မည်ဆိုပါက တိုကျိုမြို့တော်မှ ကျိုတိုမြို့ (ကျိုတိုဘူတာရုံ) သို့ ၂ နာရီခွဲ၊ ကျိုတိုဘူတာ ရုံမှ နာရာမြို့သို့ ရထားဖြင့် နောက်ထပ် တစ်နာရီ ထပ်မံစီးနင်းရမည် ဖြစ်သည်။
စာရေးသူမှာ အလုပ်တာဝန်ဖြင့် ကျိုတို မြို့တွင် နေထိုင်သဖြင့် အနီးရှိ နာရာမြို့သို့ အချိန်မရွေးသွားလာနိုင်သော်လည်း မြန်မာ နိုင်ငံမှ ဂျပန်သို့ အကြောင်းကိစ္စအမျိုးမျိုးဖြင့် လာရောက်ကြသူများမှာ တိုင်းတစ်ပါးတွင် အလွယ်တကူ အခြားမြို့ရွာများဆီသို့ သွားရောက်လည်ပတ်ရန်ဆိုသည်မှာ မလွယ် ကူလှပါပေ။ အထူးသဖြင့် တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသောအရပ်ဒေသတွင် တစ်နေ့တာ ခရီးစဉ်အတွင်း ရောက်လိုသည်များကို စီမံခန့်ခွဲရန်မှာ ပြောသလောက် မလွယ်ကူပါပေ။ သို့သော် ဂျပန်နိုင်ငံ ရောက်ရှိခိုက် အခွင့်အရေးပေးပါက နာရာမြို့သို့မူ တစ်ကြိမ်တစ်ခါတော့ ရောက်ရှိသင့်ပါသည်။ အနည်းဆုံး နေ့တစ်ဝက် အချိန်ပေး လည်ပတ်နိုင်လျှင်ပင် ရောက်ရှိရကျိုးနပ်ပါလိမ့်မည်။ သို့ဖြစ်ရာ နာရာသို့ နေ့လယ်ဘက် ရောက်ရှိလာပြီး ညနေဘက် ပြန်ကြရမည့် မြန်မာခရီးသွားများ အတွက် နေ့တစ်ဝက်ခရီးစဉ် ညွှန်းဆိုရမည် ဆိုပါက နာရာပန်းခြံ (သမင်ခြံ)နှင့် နာရာမြို့၏ အဓိကအမှတ်အသား၊ ဂျပန်နိုင်ငံ၏ လူသိအများဆုံးနှင့် အထင်ရှားဆုံး ကြီးမြတ်သော မြတ်ဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ်စံပယ်ရာ တိုဒိုင်းဂျိဘုရားကျောင်း (Todaiji Temple) သို့ သွားရောက်ကြပါဟု ညွှန်းဆိုပါရစေ။ ။