ကြိုတင်ကာကွယ်နိုင်ခဲ့ခြင်းနှင့် ဆောလျင်စွာ ပြန်လည်ထူထောင်ပေးနိုင်ခြင်းတို့ဖြင့် မိုခါကိုဖြတ်ကျော်ခဲ့သည့် ရသေ့တောင်မြို့နယ်

သျှင်မေ

၂၀၂၃ ခုနှစ်  မေလ ၁၄ ရက်နေ့တွင် မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော်မှ စစ်တွေမြို့အနီးကုန်းတွင်းပိုင်းဆီသို့ ဝင်ရောက်ခဲ့သည်။ ရခိုင်ကမ်းရိုးတန်းနှင့် မုန်တိုင်းဟူသည် မစိမ်းသော်လည်း  အလွန့်အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် တစ်နာရီ လေတိုက်နှုန်း မိုင် ၁၃၀ ကျော်ဖြင့် ဝင်ရောက်မှုသည် ဖြစ်တောင့်ဖြစ်ခဲ ကံဆိုးလှသည့် သဘာဝဘေးအန္တရာယ်ပင်ဖြစ်သည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်သည် ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရပြီး စုစုပေါင်းပျက်စီးမှု၏ ၉၈ ရာခိုင်နှုန်းရှိ သည်။ ရခိုင်ပြည်နယ်အတွင်း စစ်တွေ မြို့နယ်မှာ မုန်တိုင်းဒဏ် အခံစားရဆုံးဖြစ်ခဲ့ပြီး ဒုတိယအများဆုံး ထိခိုက်ခံစားရသည့် မြို့နယ်မှာ စစ်တွေမြို့၏ အနောက်မြောက်ယွန်းယွန်း ၃၇ မိုင်သာ ကွာဝေးသည့် ရသေ့တောင်မြို့နယ် ဖြစ်ပါသည်။

ရသေ့တောင်မြို့နယ်သည် မြေပြန့်၊ တောင်တန်း၊ မြစ်ချောင်းတို့ဖြင့် သမမျှတစွာတည်ရှိပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ကုန်းလမ်း၊ ရေလမ်းရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး  လွယ်ကူချောမွေ့မှု အားနည်းနေသေးသည်။ မုန်တိုင်းကြောင့် ရေငန်ဝင်ရောက်မှုဒဏ်ကို ခံစားရသည့် ကျေးရွာများရှိသကဲ့သို့  လူနေအိမ်များ၊ ပညာရေးအဆောက်အအုံများ၊ လယ်ယာ မြေများ၊  မွေးမြူရေး လုပ်ငန်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လမ်းတံတား များနှင့်  လျှပ်စစ်ပေးဝေရေးလုပ်ငန်း၊ သောက်သုံးရေ အခက်အခဲများ  အစရှိ သည့် ကဏ္ဍအများအပြားတွင် ဆုံးရှုံး အထိနာ အခက်အခဲကြုံခဲ့ရသည်။ မြို့နယ်အတွင်းရှိ  ပျက်စီးဆုံးရှုံးမှုမှာ ကျပ် ၁၇၀ ဘီလီယံရှိခဲ့ပြီး မုန်တိုင်း ကြောင့် ပျက်စီးမှုအားလုံး၏ ၃၃ ရာခိုင် နှုန်းပင်ရှိခဲ့သည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်သည့် ရသေ့တောင်မြို့နယ်တွင် အိမ်ထောင်စုပေါင်း ၃၀၀၀၀ ကျော်တို့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရပြီး လူဦးရေ ၁၄၀၀၀၀ ကျော် မုန်တိုင်းဒဏ် ရင်ဆိုင်ခဲ့ရသည်။ မုန်တိုင်းအပြီး ထုတ်ပြန်သည့် အချက်အလက်များအရ ရသေ့တောင်မြို့နယ်အတွင်း မုန်တိုင်းကြောင့် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၂၃ ဦးခန့် အသက်ဆုံးရှုံးခဲ့ရသည်။

 

ဆောလျင်စွာသတိပေးခဲ့

 

နိုင်ငံတော်အစိုးရသည် မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်းဝင်ရောက်ရန် ဖြစ်နိုင်ခြေ မြင့်တက်လာစဉ်မှစ၍ မုန်တိုင်း သတိပေးချက်များကို စောနိုင်သမျှ ဆောလျင်စွာ ကြိုတင်၍ ထုတ်ပြန်ပေးခဲ့သည့်အပြင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပွားနိုင်သည့် ဒေသများသို့ အရေးပေါ်ပေးပို့နိုင်ရန် တပ်မတော်သားများ၏ အကူအညီကိုရယူကာ အရန်ဆန်များ ဒေသအလိုက် ကြိုတင်စုဆောင်းခြင်း၊ စားရေရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းများ၊ အမိုးသွပ်များ ကြိုတင်စုဆောင်းထားရှိခြင်း၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု လုပ်ငန်းများအတွက် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့များ ကြိုတင်ပြင်ဆင်ခြင်း၊ တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်များ အသင့်ပြင်ထားခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ အချိန်မီ ပို့ဆောင်နိုင်ရေး ကြိုတင်တွက်ချက် ထားရှိခြင်းနှင့် ကူညီကယ်ဆယ်ရေး ပစ္စည်းများ၊ အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာများကို လျင်မြန်စွာ ပို့ဆောင် နိုင်ရန် လေယာဉ်ပေါ်အသင့်၊ ရေယာဉ်ပေါ်အသင့်၊ ရဟတ်ယာဉ်ပေါ်အသင့်၊ မော်တော်ယာဉ် ပေါ်အသင့် အနေအထားတို့ဖြင့် ကြိုတင်ပြင်ဆင်ထားခဲ့သည်။

ရသေ့တောင်မြို့နယ်မှာ မုန်တိုင်းဖြတ်ကျော်ရာ လမ်းကြောင်းပေါ်တွင် ရောက်ရှိနေခဲ့သည့်အတွက် မုန်တိုင်း၏ ဒဏ်ကို ကြုံတွေ့ခဲ့ရသော်လည်း ကယ်ဆယ်ရေးအဖွဲ့များ တင်ကြိုရောက်ရှိနေခြင်း၊ မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်မည့် ဘေးကင်းရာစုရပ်များသို့ အမြန်ပို့ဆောင်နိုင်ခြင်းနှင့် လိုအပ်သည့် စားရေရိက္ခာများကို ကြိုတင်ပြင်ဆင်ထား နိုင်ခဲ့မှုများကြောင့် အင်အားပြင်း ဆိုင်ကလုန်း၏ အစွမ်းကုန်ဖျက်ဆီးမည့် အန္တရာယ်က လျော့ပါးခဲ့ပြီး အဖိတ်အစဉ် အနည်းငယ်သာ ကြုံရသည်။ သို့တိုင် ပျက်စီးမှုများကား အတော်ပင်များလှသည်။

 

mdn

 

မိုခါကြောင့် ဒုတိယပျက်စီးမှုအများဆုံးမြို့နယ်

 

ရသေ့တောင်မြို့နယ်သည် မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု ဒုတိယအများဆုံးမြို့နယ်ဖြစ်ပြီး ကျေးလက် ကျန်းမာရေးဌာနပေါင်း ၄၁ ခုနှင့် ဆေးရုံ၊ ဆေးခန်း ၃၃ ခု၊ လူနေအိမ် အဆောက်အအုံ တစ်စိတ်တစ်ပိုင်း ပျက်စီးခြင်း ၁၁၆၀၂ လုံးနှင့် အလုံးစုံပျက်စီးခြင်း ၁၅၈၉၉ လုံး၊ ဌာနဆိုင်ရာရုံးပေါင်း ၂၇ ရုံး၊ မူလတန်းနှင့် အလယ်တန်းကျောင်း ၁၃၆ ကျောင်း၊ အထက်တန်းကျောင်း ၂၇ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၂၂၅ ကျောင်းတို့ မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့ရသည်။ ထို့ပြင် ရေငန်ဝင်ရောက်မှု၊ ရေတွင်း ၁၀ ခုနှင့် ရေကန် ၃၅ ကန် ပျက်စီးမှု၊ တာဝါတိုင် နှစ်တိုင် ပျက်စီးမှု၊ သောက်သုံးရေရရှိမှုနှင့် ဆက်သွယ်ရေး ပြတ်တောက်မှု စသည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည့် မြို့နယ်တစ်ခုလည်း ဖြစ်ပါသည်။

မိုခါမုန်တိုင်းမှာ အားအလွန်ပြင်းထန်သဖြင့် တစ်မြို့နယ်လုံးနီးပါး ထိခိုက်ခံစားရသည်။ ပုဏ္ဏားကျွန်း-ရသေ့တောင် ၆၆ ကေဗွီအေ မဟာဓာတ်အားလိုင်း ခုနစ်တိုင်နှင့် သုည ဒသမ ၄ ကေဗွီအေ မီးတိုင်များ ပျက်စီးခဲ့ရသည်။ ဓာတ်တိုင်စုစုပေါင်း ၁၅၆၁ တိုင်ခန့် ပြိုလဲခဲ့ပြီး ထရန်စဖော်မာများ ပြိုပျက်ခြင်း၊ ဓာတ်ကြိုးလိုင်းများ ပြတ်တောက်ခြင်းတို့လည်း ဖြစ်ပွားခဲ့သည်။ ရသေ့တောင်မြို့နယ်အတွင်းရှိ ရပ်ကွက် လေးခုနှင့် ကျေးရွာ ၄၈ ရွာ အတွင်း ၁၁ ကေဗွီ ဓာတ်အားလိုင်း ၇၀ ဒသမ ၅၆ မိုင်အနက် ၄၀ ရာခိုင်နှုန်းခန့်၊ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၆၄ ဒသမ ၇၉ မိုင်ရှိသည့်အနက် ၄၀ ရာခိုင်နှုန်းခန့်နှင့် ၁၁/ ၀ ဒသမ ၄ ကေဗွီ ၉၂ လုံးရှိသည့် အနက် ၁၅ ရာခိုင်နှုန်းခန့်မှာ မုန်တိုင်းကြောင့် ပျက်စီးရသည်။

မုန်တိုင်းအပြီး ရက်အနည်းငယ်အကြာ ရသေ့တောင်မြို့နယ် ကျေးရွာများတွင် ပျက်စီးကျိုးပြတ်သွားသည့် မီးတိုင်များ ပြန်လည်တည်ဆောက်ရန် ပထမဆုံးအကြိမ်အဖြစ် ဓာတ်မီးတိုင် ၉၃ လုံးကို တင်ဆောင်လာသည့် ရေဘဝဲ ၄ ရေယာဉ်သည် င/လပြား ဆိပ်ကမ်းကို ဆိုက်ရောက်သည်။ မြို့နယ်လျှပ်စစ်မှူး နှင့် ဝန်ထမ်းများက ကရိန်းကားများဖြင့် မူစဲကျွန်းကျေးရွာသို့ သယ်ဆောင်ကြသည်။ ရွာသူ ရွာသားများ ဝမ်းသာပျော်ရွှင် ၍မဆုံးဘဲ အတူပူးပေါင်း၍ ကူညီကြသည်။ ဝိုင်းဝန်းကူညီခြင်းကြောင့် ဒေသ မြန်မြန်ပြန်လည် နာလန်ထူလာခဲ့သည်။

မြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုး ရေးနှင့် မွေးမြူရေးကဏ္ဍတွင်လည်း လယ်ယာမြေ စုစုပေါင်း ၉၈၉ ဧက၊ စပါး တင်းပေါင်း ၅၄၀၁၃ တင်းနှင့် ပုစွန်မွေးမြူခြင်း ၆၀၉၁ ဒသမ ၉၀ ဧကမှာ မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးခံရသည့်အပြင် ကျွဲ ၁၇၄၄ ကောင်၊ နွား ၄၀၆၁ ကောင်၊ ဝက် ၁၂၄၄ ကောင်တို့ အပါအဝင် တိရစ္ဆာန် ၉၇၇၅ ကောင်မှာ မုန်တိုင်းဒဏ်ကြောင့် ပျောက်ဆုံးခြင်း၊ သေဆုံးခြင်းသို့ ရောက်ခဲ့ ရသည်။ စိုက်ပျိုးရေးသုံး လက်တွန်း ထွန်စက်များ၊ လယ်ယာသုံးစက်ပစ္စည်းများလည်း ဆုံးရှုံးခဲ့ရပြီး ငါးဖမ်းကိရိယာများနှင့် ငါးဖမ်းလှေ ၁၈၉ စင်းခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။

 

အနီးကပ်ကြီးကြပ်၍ ပြန်လည်ထူထောင်ရေးစတင်

 

နိုင်ငံတော်အစိုးရက ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ရေးအတွက် မုန်တိုင်းမစဲမီတွင်ပင် တပ်မတော်အရာရှိကြီးများကို ဒေသအလိုက် တာဝန်ပေးအပ်ခဲ့ရာ ရသေ့တောင်မြို့နယ် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် အောင်မျိုးထွန်းအား အနီးကပ်ကြည့်ကြပ်စေရေး တာဝန်ပေးအပ်ခဲ့သည်။

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အတူ တာဝန်ရှိသူများက ထိခိုက်ပျက်စီးမှု အခြေအနေများနှင့် လိုအပ်ချက်များ၊ အရေးပေါ်ထောက်ပံ့ရေး ပစ္စည်းများအား တပ်မတော်စစ်ရေယာဉ်များ၊ လေယာဉ်များနှင့် ပို့ဆောင်ခြင်း၊ ဒေသအလိုက် ကြိုတင်စုဖွဲ့ထားသော ကူညီကယ်ဆယ် ရေးတပ်ဖွဲ့များနှင့် အပျက်အစီးများ ဖယ်ရှားခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း လုပ်ငန်းများကို နှောင့်နှေးခြင်းမရှိ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြခြင်းဖြင့် မိုခါမုန်တိုင်း၏ နောက်ဆက်တွဲ အခက် အခဲများစွာကို ပြန်လည်တွန်းလှန်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

 

ဖြန့်ဝေပေးအပ်

 

ဗိုလ်ချုပ်အောင်မျိုးထွန်း ဦးဆောင်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင်များက မေလ ၁၈ ရက်နေ့မှ စတင်၍ ရသေ့တောင်မြို့ပေါ်ရှိ ယာယီခိုလှုံရေးစခန်းများ ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီး ကျောင်းများသို့လည်းကောင်း၊ ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဘုန်းတော်ကြီး ကျောင်းများနှင့် ဒေသခံပြည်သူများအတွက် စားရေရိက္ခာ၊ အဝတ်အထည်နှင့် ထောက်ပံ့ကူညီရေး ပစ္စည်းများ ဖြစ်သည့် အမိုးသွပ်၊ တာပေါ်လင် လိပ် စသည်တို့ကိုလည်းကောင်း ဖြန့်ဝေ ပေးအပ်နိုင်ခဲ့သည်။

ရသေ့တောင်မြို့နယ်အတွင်း မိုခါ မုန်တိုင်းဒဏ်ကြောင့် မြို့ပေါ်နှင့် ကျေးရွာ သောက်သုံးရေကန်အချို့တွင် ဆားငန်ရေ ဝင်ရောက်ခဲ့သဖြင့် သောက်သုံးရေအခက် အခဲဖြစ်ပေါ်လျက်ရှိရာ သန့်ရှင်းသော သောက်သုံးရေ ရရှိနိုင်ရေးအတွက် ရပ်ကွက်များအတွင်း ရေသန့်စင်ကားများဖြင့် သောက်သုံးရေဖြန့်ဝေခြင်း၊ ထို့ပြင် တစ်နာရီလျှင် ရေသန့်စင်နှုန်း ဂါလန် ၂၀၀ မှ ၃၀၀ အကြားသန့်စင်ပေးနိုင်သည့် ဆိုလာစနစ် ရေသန့်စင်စက် သုံးလုံး၊ တစ် နာရီလျှင် နှစ်ဂါလန်ခွဲမှ သုံးဂါလန်ခွဲအကြား သန့်စင်ပေးနိုင်သည့် ရေသန့်စင် စက် အလုံး ၉၀ တို့ကို ရက်ပိုင်းဖြင့် ရသေ့တောင်မြို့နယ်အတွင်း တပ်ဆင်အသုံးပြုကာ သန့်ရှင်းသော သောက်သုံး ရေရရှိရန် ပြန်လည်ဆောင်ရွက်ပေးနိုင်ခဲ့ သည့်အတွက် ဒေသခံတို့ မုန်တိုင်းနောက်ဆက်တွဲ ရောဂါဘယများမှ ကင်းဝေးခဲ့ရသည်။

မေလ ၁၈ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် ၁၁၆ ဦးသည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်သို့ ကယ်ဆယ် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိခဲ့ကြပြီး ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာအဖွဲ့များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်း၍ နေအိမ်များ၊ ရုံးအဆောက် အအုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘုရားစေတီများနှင့် လမ်းများပေါ်သို့ လဲကျနေသည့် သစ်ပင် ပေါင်း ၁၇၀၀ ကျော်ကို Chain Sawများဖြင့် ရှင်းလင်းခြင်း၊ ဓာတ်တိုင်များနှင့် အခြားအပျက်အစီးများအား Engine Cutterများဖြင့် ဖြတ်တောက်ရှင်းလင်းခြင်း၊ ပျက်စီးသွားသည့် နေအိမ်၊ အဆောက် အအုံ၊ လမ်း၊ တံတားများ ပြန်လည် တည်ဆောက်ပြုပြင်ခြင်းများကို စတင် လုပ်ဆောင်ခဲ့သည်။

 

mdn

 

အခြေခံပညာ၌ ၉၇ ရာခိုင်နှုန်းကျော် ပညာသင်ယူ

 

ရသေ့တောင်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှုတွင် အခြေခံပညာရေးကဏ္ဍ၌ အပ်နှံသူ ၂၇၁၃၇ ဦးရှိခဲ့ကာ တက်ရောက်သူ ၂၆၄၀၀ ရှိခဲ့သဖြင့် အခြေခံပညာအဆင့် သင်ကြားပေးနိုင်မှု ၉၇ ဒသမ ၃ ရာခိုင် နှုန်းရှိခဲ့သည်။ ဆရာအင်အား ၁၇၉၃ ဦး၊ ကျောင်းစီမံအင်အား ၁၅၃ ဦးတို့ဖြင့် သင်ကြားပြသ စီမံပေးလျက်ရှိသည်။ ရသေ့တောင်မြို့နယ်တွင် အခြေခံပညာ အထက်တန်းကျောင်းပေါင်း ၂၇ ကျောင်း ရှိပြီး ၂၇ ကျောင်းစလုံးပင် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသော်လည်း ၆၂ ရာခိုင်နှုန်းအထိ ပြန်လည်ပြင်ဆင်နိုင်ခဲ့ကြောင်း သိရသည်။

 

မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်

 

မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးမိုဘိုင်းစခန်း ၁၂၃၃ ခုအနက် ၉၀၄ ခုမှာ ဆက်သွယ်မှု ပြတ်တောက်သွားရသည်။ မုန်တိုင်း တိုက်ခတ်ပြီးချိန် မေလ ၁၄ ရက်နေ့ မွန်းလွဲ ပိုင်းမှစတင်ကာ Satellite Terminal (B2B)များကို ရသေ့တောင်မြို့ အပါအဝင် မြို့အသီးသီး၌ ပို့ဆောင်တပ်ဆင်ပြီး တစ်မြို့လျှင် ဖုန်းလိုင်း လေးလိုင်းဖြင့် မေလ ၁၄ ရက်နေ့ ညနေပိုင်းတွင် စတင်အသုံးပြုနိုင်ရန် စီစဉ်ပေးနိုင်ခဲ့သည့်အတွက် သတင်းအချက်အလက်များ ပိုမိုရရှိစေပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပိုမိုလွယ်ကူခဲ့ရသည်။ ရခိုင် ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့မှစတင်၍ မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်များ ၁၀၀ ရာခိုင်နှုန်း ပြင်ဆင်ပြီးမြောက်ခဲ့သည့်အတွက် ဒေသခံတို့ အတွက် သတင်းအချက်အလက် ဆက်သွယ်ရေး အဆင်ပြေခဲ့ရသည်။

ထို့ပြင် လျှပ်စစ်ဓာတ်အား ပို့လွှတ်မှု တွင် ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- ရသေ့တောင် ဓာတ်အားလိုင်းသည် ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တွင် ၁၀၀ ရာခိုင်နှုန်း ဓာတ်အား စတင်ပို့လွှတ်နိုင်ခဲ့သည်။ မုန်တိုင်းအလွန် ကာလအတွင်း ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများ၌ ပျက်စီးကျိုးပြတ်သွားသော မီးတိုင်များ အစားထိုးလဲလှယ် တပ်ဆင်ရာ၌လည်း ကျေးရွာသူ ကျေးရွာသားများက ဝမ်းပန်းတသာ ဝိုင်းဝန်းကူညီ ပေးလျက်ရှိသည်ကို မြင်တွေ့ခဲ့ရသည်။ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံများ၏ပူးပေါင်းမှုဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင် ၅ ရက်တွင် ရသေ့တောင်မြို့ပေါ်၌ လျှပ်စစ်မီးများ စတင်အသုံးပြုနိုင်လာသည်။

mdn

 

ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ခဲ့

 

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်း အန္တရာယ်ကြုံတွေ့ပြီးနောက် ပြည်သူ လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက် မှုများ ရရှိနိုင်စေရေးအတွက် ကျေးလက် ကျန်းမာရေးဌာန ၁၁၀ နှင့် ကျေးလက် ကျန်းမာရေးဌာနခွဲ ၅၉၄ ခုတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ ဒေသခံပြည်သူများအား ကျေးရွာအရောက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရေး အတွက် ဗဟိုအားဖြည့်အဖွဲ့ လေးဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ်များမှ RRT အဖွဲ့ ၂၁ ဖွဲ့၊ အထူးကုဆေးအဖွဲ့ ၁၃ ဖွဲ့နှင့် ဆေးကုသရေးအဖွဲ့ သုံးဖွဲ့နှင့် တိုင်းရင်းဆေးကုသမှု အဖွဲ့တို့အား စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

အထူးကုဆေးအဖွဲ့များတွင် ဆေးပညာ၊ ခွဲစိတ်ပညာ၊ ကလေး၊ သားဖွား မီးယပ်၊ အရိုး၊ မျက်စိ/ နား/ နှာခေါင်း/ လည်ချောင်း၊ မေ့ဆေး အစရှိသည့် အထူးကုဆရာဝန်ကြီးများပါဝင်၍ ရခိုင် ပြည်နယ်ရှိ စစ်တွေမြို့နယ်၊ ရသေ့တောင် မြို့နယ်အပါအဝင် ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ပုဏ္ဏား ကျွန်း၊ မာန်အောင်၊ ပေါက်တောမြို့နယ်များသို့ ကွင်းဆင်းကုသပေးခဲ့သည်။

 

စိုက်ပျိုးရေး မလစ်ဟင်းစေရ

 

ရသေ့တောင်မြို့နယ်သည် စိုက်ပျိုး ရေးကို အခြေခံသည့် မြို့နယ်ဖြစ်ရာ မုန်တိုင်းအလွန် မိုးဦးကျကာလ စိုက်ပျိုး ရေးလုပ်ငန်းများ အချိန်မီ စတင်နိုင်ရန်အတွက် နိုင်ငံတော်က တစ်ဧကလျှင် တင်း ၁၀၀ ကျော်ထွက်ရှိသည့် မျိုးစပါး တင်း ၅၀၀၀၀ ကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။ ရသေ့တောင်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် တောင်သူလယ်သမားများ၏ ကျွဲ၊ နွားများ သေဆုံးခဲ့ရသဖြင့် စိုက်ပျိုးရာသီအမီ ထွန်ယက်လုပ်ကိုင်ရန် အတွက် လယ်ယာသုံးစက်ကိရိယာ ပိုင်ဆိုင်မှုမရှိသော တောင်သူများအား စက်မှုလယ်ယာဦးစီးဌာနပိုင် Mini Tractor လေးစီး၊ လက်တွန်းထွန်စက် ခြောက်စီးတို့ကို ငှားရမ်းပေးကာ မိုးစပါး အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက်ထွန်ယက်နိုင်ရန် တစ်ရာသီ အခမဲ့ငှားရမ်းပေးခဲ့ပြီး တောင်သူများအား လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု ရက်တိုသင်တန်းကို ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ထို့ပြင် မြင်းကောင်ရေ ၅၀ ရှိ တစ်ရက်လျှင် လေးဧက(ထယ်+ထွန်) ထွန်ယက်နိုင်သည့် ထွန်စက် အစီး ၂၀ ကိုလည်း မယူကမ်းကျေးရွာ ၁၄ စီး၊ မိုးစဲကျွန်း သုံးစီး၊ မြို့မနယ်မြေ သုံးစီး စသည်ဖြင့် ဖြန့်ဝေပေးခဲ့ခြင်းဖြင့် ဒေသခံများ၏ စိုက်ပျိုးရေး အခက်အခဲကို ကူညီ ဖြေရှင်းပေးနိုင်ခဲ့သည်။

mdn

 

မပြောင်းလဲသော အမှန်တရား

 

မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ယခုဆိုလျှင် ၁၀ လကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ အကယ်၍များ မုန်တိုင်းသတိပေးချက်များကို အချိန်နှောင်းမှ ထုတ်ပြန်နိုင်ခြင်း သို့မဟုတ် ကြိုတင်ကာကွယ်ရေး အစီအမံများ အားနည်းခြင်း သို့မဟုတ် အချိန်မဆိုင်း ကူညီကယ်ဆယ်မှု လုပ်ဆောင်ရန် နှောင့်နှေးခြင်းတို့ ကြုံတွေ့ခဲ့ရပါမူ မိုခါ၏ မာယာကြောဝယ် ရသေ့တောင်မြို့နယ် အပါအဝင် မုန်တိုင်းဒဏ်သင့်ဒေသများအားလုံး အလူးအလဲ ခံစားရပေလိမ့်မည်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ နောက်ကျခြင်း၊ စီမံခန့်ခွဲမှု အားနည်းခြင်းများ ရှိခဲ့ပါကလည်း ပြည်သူများ ပညာသင်ယူရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး အစရှိသည့် ကဏ္ဍမျိုးစုံတို့တွင် အခက်အခဲများစွာဖြင့် နာလန်မထူနိုင်အောင် ရှိပေလိမ့်မည်။

သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ချိန်တွင် အစိုးရ၊ တပ်မတော်နှင့် ပြည်သူ တို့ ပူးပေါင်းကာ ဒေသအတွင်း ထိခိုက်မှု အနည်းဆုံးဖြစ်ရန်နှင့် ပြည်သူလူထု အကျိုးစီးပွား မပျက်သုဉ်းရစေရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံအတွက် စိန်ခေါ်မှုများစွာရှိချိန် ဖြစ်သော်လည်း ကျောသားရင်သားမခွဲခြား မိမိတို့၏ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်း အတူရှူနေကြသူ တိုင်းရင်းသားများအတွက် ရှိသမျှအင်အားဖြင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အစွမ်းကုန် စာနာထောက်ထား ဆောင်ရွက်ပေးခဲ့ခြင်းကို ရသေ့တောင်မြို့နယ်အတွင်းမှ ပြည်သူများ အသိဆုံးပင်ဖြစ်ပါကြောင်း။