လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။ Stay at Home သည် လိုအပ်၍သာ ထုတ်ပြန်ခြင်းဖြစ်ရာ လိုက်နာမှုအားနည်းပြီး အခြေအနေဆိုးရွားသွားလျှင် တင်းကျပ်သော တားမြစ်မှုများ ဖြစ်ပေါ်လာနိုင်သည်။

 

ယခုအခါ ရောဂါကူးစက်ခံရမှုကို အကြောင်းပြု၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ခုနစ်မြို့နယ်ရှိ ပြည်သူများ မိမိနေအိမ်တွင်နေထိုင်၍ သတ်မှတ်စည်းကမ်းချက်များကို လိုက်နာရန် ကြေညာထားပြီးဖြစ်သည်။ ဆက်လက်၍ ဧပြီလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်သုံးမြို့နယ်ကို နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ထပ်မံကြေညာလိုက်ပါသည်။

 

နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်သည် မြို့နေ ပြည်သူများအားလုံး မူလကကဲ့သို့ မြို့နယ်အတွင်း လွတ်လပ်စွာသွားလာ နေထိုင်ခြင်းမျိုး မဟုတ်သော်လည်း မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦး၊ ဆေးရုံ၊ ဆေးခန်းသွားရန် တစ်အိမ်လျှင် နှစ်ဦးနှင့် အလုပ် တာဝန်ထမ်းဆောင်မည့် သူများအတွက် ခွင့်ပြုထားသည်။ ကျန်ပြည်သူများမှာ မိမိတို့နေအိမ်တွင် နေထိုင်ကြရန်ဖြစ်သည်။ ပြင်ပထွက်ခွာခွင့်ရသူများ အနေဖြင့် ယာဉ်ပါလျှင် ယာဉ်မောင်းတစ်ဦး ပါဝင်ခွင့်ရှိသည်။ တာဝန် ထမ်းဆောင်ရန် ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုမည်ဖြစ်ပြီး နေအိမ်မှ ပြင်ပသို့သွားလာလျှင် နှာခေါင်းစည်းတပ်ရန် လိုအပ်ပါသည်။

 

Stay at Home အစီအစဉ်တွင် အကျုံးဝင်သောမြို့နယ်များ၌ ဤသို့ဆောင်ရွက်ခြင်းသည် တာဝန်ရှိသူများအား လူဝင်၊ လူထွက်ကို သတင်းပို့ မှတ်သားဆောင်ရွက်နိုင်ခြင်းဖြင့် ရောဂါကွင်း ဆက် လိုက်ရာတွင် ပိုမိုထိရောက်လွယ်ကူမှု ရှိမည့်အပြင် ရောဂါပြန့်ပွားခြင်း မရှိအောင်လည်း ထိန်းချုပ်နိုင်မည်ဖြစ်သည်။ Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသောအမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူခြင်း ခံရနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်ရာ၌ Stay at Home အစီအစဉ်သည် ထိရောက်သောလုပ်ငန်းစဉ်ဖြစ်ပြီး Stay at Home အစီအစဉ်တွင် အကျုံးမဝင်သော မြို့နယ်များအနေဖြင့်လည်း မလိုအပ်ဘဲ နေအိမ်ပြင်ပသို့မထွက်ခြင်း၊ လိုအပ်၍ ထွက်လျှင်လည်း နှာခေါင်းစည်း တပ်ဆင်ခြင်း၊ အဝင်၊ အထွက်ပြုလုပ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်း၊ ရပ်ရွာအတွင်း လူငါးဦးနှင့်အထက် ပို၍စုဝေးမှု မပြုလုပ်ခြင်းတို့ကို အလေးထားလိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှုနှုန်းသည် မြင့်မားခြင်းမရှိသော်လည်း လက်ရှိအနေအထားထက် မြင့်မားလာမှုကို ထိန်းချုပ်ကာကွယ်နိုင်မှသာလျှင် ပြည်သူပြည်သားအားလုံး လွတ်လပ်စွာနေထိုင်သွားလာနိုင်ခွင့် အမြန်ဆုံး ပြန်လည်ရရှိနိုင်မည် ဖြစ်သည်။ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုအားနည်းပြီး ရောဂါဖြစ်ပွားသူနှင့် မြို့နယ်များ တစ်နေ့ ထက်တစ်နေ့ တိုးနေပါက လွတ်လပ်စွာ နေထိုင်လုပ်ကိုင် သွားလာနိုင်ခွင့်များ ဝေးသည်ထက်ဝေးနေမည် ဖြစ်သည်။

 

သို့ဖြစ်ရာ Stay at Home အစီအစဉ်တွင် အကျုံးဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ဤကဲ့သို့ ကူးစက်မြန်ရောဂါ ကပ်ဘေးကြီးဆိုက်ရောက် နေချိန်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများက ချင့်ချိန်မြော်မြင်ပြီးမှ ဆောင်ရွက်သော အစီအစဉ်များ၊ ညွှန်ကြားချက်များကို ပြည်သူအားလုံးတို့က အလေးအနက်ထား လိုက်နာဆောင်ရွက်ခြင်းဖြင့် လွတ်လပ်စွာနေထိုင်လုပ်ကိုင် သွားလာ ဆောင်ရွက်နိုင်မည့် အခွင့်အရေး မြန်မြန်ဆန်ဆန်ရရှိနိုင်မည်  ဖြစ်ပါကြောင်း။    ။

 

ကြေးမုံ