ဟင်္သာတ၊ ၆ ဇန်နဝါရီ
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း (ဟင်္သာတရုံးခွဲ)တို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်နိုင်ရန် ဇန်နဝါရီ ၆ ရက် နံနက် ပိုင်းက ကိုဗစ်-၁၉ လမ်းညွှန်ချက်များနဲ့အညီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာထွေးက လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် အသိပညာပေး Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်နေသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (ဟင်္သာတခရိုင်ရုံးခွဲ)ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက အသင်း၏ ဆောင်ရွက်ချက်များနှင့် အသိပညာပေး Talk Show အစီအစဉ်များတွင် သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေးဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ ခဲ့ကြသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကိုယ်အင်္ဂါမသန်စွမ်းသူများ၏ အကာအကွယ်၊ ရပိုင်ခွင့်၊ ဥပဒေ အကြောင်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်အောင် ကဏ္ဍအလိုက် ရိုက်ကူး ထုတ်လွှင့်သွားရန် ပူးပေါင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)


