ဒေါက်တာရဲမြင့်ကျော်
ကလေးအထူးကုဆရာဝန်ကြီး
ပါမောက္ခ (ဌာနမှူး)
ကိုဗစ်ကာလမှာ ကျွန်တော် တာဝန်ယူထားရတာက ကလေးသူငယ်တွေမှာ ကိုဗစ် Positive တွေ့ရှိရင်၊ ကိုဗစ် ရောဂါဖြစ်ပွားလာခဲ့ရင် သို့မဟုတ် ကိုဗစ် Positive ဖြစ်တဲ့ လူကြီးတွေနဲ့ ထိတွေ့မှုရှိခဲ့ရင် ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတဲ့ Guideline တွေကို ဦးဆောင်ရေးဆွဲရပါတယ်။
နောက်တစ်ခုက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ် Positive ဖြစ်တဲ့ ကလေးတွေရဲ့ စာရင်းကို နေ့စဉ် ပြန်လည်သုံးသပ်ပြီး ဘယ်ကလေးက ဘယ်ဆေးရုံမှာ ဘယ်လိုကုသမှုမျိုးခံယူသင့်တယ်ဆိုတဲ့ အချက်ကို ဆုံးဖြတ် ပေးရတာ ဖြစ်ပါတယ်။
ဒီနေ့ ကျွန်တော့်အနေနဲ့ အဓိက ပြောကြားချင်တာက နှစ်ချက်ရှိပါတယ်။
နံပါတ် (၁) အချက်က ကလေးတွေ ကိုဗစ်ဖြစ်ပွားခြင်း နဲ့ပတ်သက်လို့ ကလေးတွေကို လူကြီးတွေက ပိုပြီးစိတ်ပူ တတ်ပါတယ်။ သို့သော် ကိုဗစ်ရောဂါရဲ့ ထူးခြားချက်က ကလေးတွေမှာ ရောဂါလက္ခဏာ ပြင်းထန်လေ့မရှိပါဘူး။ အခုအချိန်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း စာရင်းရှိ ကိုဗစ် Positive ဖြစ်တဲ့ အသက် ၁၂ နှစ်အောက် ကလေး သူငယ် ၂၂၆ ဦးရှိပါတယ်။ နယ်တွေမှာက ဒီထက် နည်းပါ တယ်။ အင်မတန်အဖြစ်များခဲ့တယ်လို့ လူသိများတဲ့ ရခိုင် ပြည်နယ်ရှိ ကလေးသူငယ်တွေမှာ ရောဂါဖြစ်ပွားမှုက ဒီထက်အများကြီးနည်းပါတယ်။ ဒီကလေးတွေမှာ ရောဂါ ပြင်းထန်မှုလက္ခဏာ မရှိသလောက် ဖြစ်ပါတယ်။
ကျွန်တော့်ဆီမှာ မကြာသေးခင်ကဆေးရုံဆင်းသွားတဲ့ ကလေးတစ်ယောက်ရှိပါတယ်။ ဒီကလေးက အသက်ရှူ စက်တပ်ရတဲ့အထိ မရောက်ပါဘူး။ ဒါပေမယ့် အောက်ဆီဂျင် ပေးရတဲ့ အဆင့်အထိပြင်းထန်ခဲ့ပြီး ယခုပြန်ကောင်းသွား လို့ ဆေးရုံကနေ ဆင်းသွားပါပြီ။ နယ်တွေမှာ ကိုဗစ်ဖြစ်တဲ့ ကလေးတွေနဲ့ပတ်သက်ပြီး အားလုံးက ကျွန်တော့်ကို အစီရင်ခံပါတယ်။ တိုင်ပင်ပါတယ်။ ပြင်းထန်တဲ့ ကလေး တစ်ယောက်မှ မရှိပါဘူး။ အခုအချိန်အထိ ကလေးတွေမှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသူလည်း မရှိပါဘူး။
ကိုဗစ်ရောဂါနဲ့ အသက်အငယ်ဆုံး သေဆုံးမှုအနေနဲ့ ကလေးသူငယ်အရွယ်လွန်မြောက်ခါစ ဆယ်ကျော်သက် အရွယ်ရှိပါတယ်။ သူ့ရဲ့အသက်က ၁၄ နှစ်ရှိပြီဖြစ်တဲ့ အတွက် ကလေးသူငယ်စာရင်းထဲကို မဝင်ပါဘူး။ သူ့ရဲ့ သေဆုံးမှုက ကိုဗစ်ရောဂါဖြစ်ခြင်းထက် မွေးရာပါ ပြင်းထန်တဲ့ သွေးရောဂါ အခံကြောင့် ဖြစ်ပါတယ်။ သူ့ရဲ့ ကိုဗစ်ရောဂါအခြေအနေက မပြင်းထန်ပါဘူး။
ကလေးတွေကို ကိုဗစ်ရောဂါကူးစက်ခံရရင် အဓိက စိတ်ပူတာက သူတို့ရဲ့ အဘိုး/ အဘွားတွေကို စိတ်ပူပါတယ်။ အဘိုး/ အဘွားတွေအနေနဲ့ အသက် ၆၀ ကျော်ပါတယ်။ အသက် ၆၅ နှစ် အထက်လူကြီးတွေမှာ ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ရင် ရောဂါပြင်းထန်ပါတယ်။
ယခုလက်ရှိ သေဆုံးမှု စာရင်းတွေကို ကြည့်ပါက အသက် ၆၀ ကျော်ထက် အသက် ၄၀ ကျော်/ ၅၀ ကျော်က ပိုများနေတာကို သတိပြုမိကြပါလိမ့်မယ်။ ဒါက အသက် ၄၀ ကျော်/ ၅၀ ကျော်မှာ ရောဂါဖြစ်ပွားမှုပြင်းထန်လို့ မဟုတ်ပါဘူး။ အသက် ၆၀ ကျော်တွေက ကိုဗစ် Positive ဖြစ်တဲ့သူတွေနဲ့ ထိတွေ့နိုင်ခြေနည်းလို့ ဖြစ်ပါတယ်။ အသက် ၄၀ ကျော်/ ၅၀ ကျော်တွေက အလုပ်လုပ်နေရတာ ဖြစ်တဲ့အတွက်ကြောင့် ကိုဗစ်နဲ့ ထိတွေ့မှုရှိနေပါတယ်။ ဒီအထဲမှာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ် ရောဂါ စတဲ့ ပြင်းထန်တဲ့နာတာရှည်ရောဂါအခံ တစ်ခုခုရှိ နေတဲ့သူတွေက အသက်ဆုံးပါးသွားရခြင်းဖြစ်ပါတယ်။ အဘိုး/အဘွားတွေက အိမ်မှာနေတဲ့အတွက် ကိုဗစ်နဲ့ ထိတွေ့ဖို့ လမ်းကြောင်းက နည်းတာဖြစ်ပါတယ်။ သို့သော် ကလေးငယ်တွေ ကိုဗစ်ရောဂါဖြစ်ခဲ့ရင် ဒီကလေးတွေကနေ တစ်ဆင့် အဘိုး/အဘွားကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အဘိုး/ အဘွားတွေအတွက် ကျွန်တော် စိတ်ပူရခြင်းဖြစ်ပါ တယ်။
ဒါကြောင့် ကျွန်တော့်အနေနဲ့ အဓိက မှာချင်တဲ့အချက် က ကလေးတွေကို ကိုဗစ်မကူးစက်အောင် သတိထားပါ။ ဒီအချိန်မှာ အဘိုး/အဘွားတွေအနေနဲ့ အိမ်ပြင်ပကို သွားလာ နေတဲ့ဘယ်သူနဲ့မှ မထိတွေ့အောင် နေထိုင်ခြင်းက အကောင်း ဆုံးဖြစ်ပါတယ်။ အိမ်ကနေမလွှဲသာလို့ အပြင်ထွက်နေရ တဲ့သူတွေရှိပါတယ်။ ဒီလူတွေ အိမ်ပြန်လာလို့ရှိရင် ကိုယ့် အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေကို ဂရုစိုက်ပါ။ ကိုယ်နဲ့ ထိတွေ့မှု မရှိအောင် Social distancing နဲ့အညီ နေထိုင်ဖို့ အရေးကြီးပါတယ်။
ယခုကြောက်နေကြတာက ကလေးတွေကို ကြောက် နေတာဖြစ်ပါတယ်။ တကယ်တော့ ကလေးတွေအနေနဲ့ သူတို့မှာ ကိုဗစ်ရောဂါဖြစ်ပွားခဲ့ရင် သူတို့အနေနဲ့ ရောဂါ ခံစားရဖို့ထက် သူတို့က သယ်ဆောင်လာပြီး လူကြီးတွေ ရောဂါခံစားရဖို့ အခွင့်အလမ်း ပိုများပါတယ်။
ကိုဗစ်ရောဂါကို ကုသပေးမှု မရှိဘူး၊ ဒီအတိုင်း ထိုင်ကြည့် နေရတယ်လို့ ပြောတာတွေရှိပါတယ်။ တကယ်တမ်း မဟုတ်ပါဘူး။ ကုသမှုရှိပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ကို သေစေတဲ့ တိကျတဲ့ ကုထုံးအားလုံး လက်ခံထားတာ၊ တစ် ကမ္ဘာလုံး တညီတညွတ်တည်း လက်ခံထားတာ မရှိသေး တာပါ။ သို့သော် သူ့အဆင့်အလိုက် ကုသပေးရတဲ့ အဆင့် တွေရှိပါတယ်။ လူကြီးတွေမှာလည်း အခုလက်ရှိသေဆုံးနှုန်းကြည့်မယ်ဆိုရင် တစ် ရာခိုင်နှုန်းကျော်ကျော်ပဲ ရှိပါတယ်။
လက်ရှိကမ္ဘာပေါ်မှာက ကိုဗစ်ရောဂါသေဆုံးမှု ရာခိုင် နှုန်းအနေနဲ့ သုံးရာခိုင်နှုန်းနဲ့ လေးရာခိုင်နှုန်း ရှိပါတယ်။ ကျွန်တော် တို့နိုင်ငံရဲ့ သေဆုံးမှုရာခိုင်နှုန်းက တစ် ရာခိုင်နှုန်းကျော်/ နှစ် ရာခိုင်နှုန်း နီးပါးရှိပါတယ်။ ဒီလိုသေဆုံးမှု ရာခိုင်နှုန်း နည်းရခြင်းက ကုသမှုတွေကြောင့် သေဆုံးမှုနည်းတာပါ။
ကျွန်တော်တို့နိုင်ငံက ကလေးတွေ ဒီရောဂါကြောင့် သေဆုံးမှုအနေနဲ့ ယခုအချိန်အထိ “သုည” ဖြစ်ပါတယ်။ “သုည” ကိုကြည့်ပြီး ကျွန်တော်တို့ ပေါ့ပေါ့ဆဆနေလို့မရပါ ဘူး။ ကလေးတွေမှာ တခြားသော နာတာရှည်ရောဂါ သယ်ဆောင်နေတဲ့ ကလေးတော်တော်များများ ရှိပါတယ်။ ဒီကလေးတွေကို ကျွန်တော်တို့အနေနဲ့ သီးခြားခွဲထားပြီး ဂရုတစိုက်ကုသမှုပေးနေပါတယ်။ ဒီကလေးတွေသာ ရောဂါ ဖြစ်ရင် ပြင်းထန်မှာဖြစ်ပါတယ်။ ဒါက ကျွန်တော် ပြောချင်တဲ့ ပထမအချက်ဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ အားလုံးသိရှိကြတဲ့အတိုင်း ကျန်းမာရေးဝန်ထမ်းတွေ ထိခိုက်မှုများနေပါပြီ။ ပါမောက္ခ အဆင့်ကနေစပြီး အလုပ်သင်ဆရာဝန်အဆင့်အထိ ကိုဗစ် ရောဂါ Positive ဖြစ်သွားတဲ့ ဆရာဝန်တွေ/ ဆရာမတွေ အများကြီးရှိပါတယ်။ ဝန်ထမ်းတွေထဲမှာလည်း အများကြီး ရှိပါတယ်။ ဝန်ထမ်းတွေဆိုတာ ဆေးပေးရတဲ့ ဆေးသိုလှောင် ခန်းက ဝန်ထမ်းတွေ၊ လူနာသယ်ဆောင်ရတဲ့ ဝန်ထမ်းတွေ သာမက တယ်လီဖုန်းအော်ပရေတာပါမကျန် အကုန်လုံး ကူးစက်နိုင်ပါတယ်။ ကူးလည်း ကူးစက်နေပါတယ်။
ကူးစက်နေရတဲ့ အကြောင်းရင်းက အားလုံးသိတဲ့ ဆေးရုံကလူနာတွေဆီကနေ ကူးစက်ကြတာ မဟုတ်ပါဘူး။ ရောဂါလက္ခဏာမပြတဲ့သူတွေက အများကြီးရှိတဲ့အတွက် သွားရင်းလာရင်း ကူးစက်လာတာတွေ ရှိပါတယ်။ ဒီလို ကူးစက်ခံရသူတွေကနေတစ်ဆင့် ဆေးရုံထဲကို ပြန်လည် မဝင်ရောက်အောင် ကျွန်တော်တို့ တားဆီးနေရပါတယ်။
ဒါကြောင့် ပြည်သူလူထုကို ကျွန်တော့်အနေနဲ့ အဓိက မှာချင်တာက “ကိုယ့်ဘေးမှာ ကိုဗစ်ရောဂါပိုး အမြဲရှိနေ တယ်လို့ ယူဆပါ။ ဘယ်သူ့မှာ ပိုးမရှိဘူးဆိုတာ ဘယ်လိုမှ ပြောမရတဲ့ အနေအထားဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းမှာ ဘယ်လိုမှ ပြောမရတဲ့ အနေ အထား ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲ တွေ့တွေ့ ခြောက် ပေအကွာကနေ တွေ့ပါ။ Mask အမြဲတပ်ဆင်ပါ။ သတိရ တိုင်း လက်ကို စက္ကန့် ၂၀ ကြာအောင်ဆေးပါ။” ဒါတွေအပြင် မဖြစ်မနေ အပြင်ကိုသွားရတဲ့အခါ အယ်လ်ကိုဟော ၇၅ ရာခိုင်နှုန်းပါဝင်တဲ့ လက်သန့်စင်ဆေးရည်ဘူးတွေကို အမြဲ ဆောင်ထားပြီး လက်ကို ခဏခဏလိမ်းပေးပါ။ ဒီလို လုပ်နေ ရင် ကိုဗစ်ရောဂါကင်းဝေးမှာ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ကိုဗစ်ရောဂါကင်းဝေးရင် မိမိ မိသားစုလည်း ကိုဗစ် ကင်းဝေးမှာဖြစ်ပါတယ်။ ကိုယ့်မိသားစုဘေးကင်းရင် အိမ်မှာ ကျန်နေခဲ့တဲ့ အဘိုး/အဘွားတွေ ဘေးကင်းမှာ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေနဲ့ပတ်သက်ပြီး ကျွန်တော် ပြောကြားလိုတာက ကျန်းမာရေးဝန်ထမ်းတွေအားလုံးကို ကျွန်တော်တို့ နေစရာစီစဉ်မပေးနိုင်ပါဘူး။ အရင်ကလည်း ဆေးရုံဝန်ထမ်းအိမ်ရာမှာ နေထိုင်ကြသူတွေ ရှိသလို၊ ရပ်ကွက်ထဲမှာ နေထိုင်ကြတာတွေရှိပါတယ်။ အဓိက အပျို တွေ၊ လူပျိုတွေ အဆောင်မှာ နေကြပါတယ်။ သူတို့ ပိုးရှိတဲ့ လူနာနဲ့ ထိတွေ့ပါတယ်။ ဒီလို ထိတွေ့တဲ့အခါမှာ ဆေးရုံ ထဲမှာ မဖြစ်ဖြစ်အောင် နေရာရအောင်ရှာပြီး သီးခြားထား ပေးပါတယ်။ တကယ်လို့ Positive ထွက်ရင် Quarantine စင်တာတွေကို ပို့ပေးပါတယ်။ Quarantine စင်တာ တွေမှာ စစ်ဆေးပြီး သတ်မှတ်ရက်စေ့လို့ စိတ်ချရပြီဆိုမှ ကျွန်တော်တို့ ရပ်ကွက်ထဲ ပြန်လွှတ်ပေးတာပါ။ ရပ်ကွက် ထဲကို ပြန်လွှတ်ပေးတဲ့အခါမှာ ပုဂ္ဂလိကဆေးရုံတွေက ဖြစ်ဖြစ်၊ အစိုးရဆေးရုံတွေကဖြစ်ဖြစ် ဆရာဝန်၊ ဆရာမ တွေကို ရပ်ကွက်ထဲက ပြန်ပြီးလက်မခံတဲ့ကိစ္စတွေကို ကြားနေရပါတယ်။
ဒီကိစ္စက အန္တရာယ်ကြီးပါတယ်။ ဆရာဝန်၊ ဆရာမ တွေဟာ အလုပ်လာဆင်းပြီးတဲ့အခါ ပြန်စရာ အိမ်တော့ ရှိဖို့ လိုအပ်ပါတယ်။ နောက်ဆုံး Positive ဖြစ်သွားရင် တောင် သတ်မှတ်တဲ့ Quarantine စင်တာမှာ သတ်မှတ် ရက်စေ့အောင်နေပြီးရင် သူပြန်စရာအိမ်ရှိဖို့ လိုအပ်ပါ တယ်။ သူ့မှာ ပြန်စရာအိမ်မရှိလို့၊ သူ့အနေနဲ့ ထွက်ပြေး မယ်ဆိုရင် အဲဒီလူပဲပြေးမှာမဟုတ်ပါဘူး။ အဲဒါကို မြင်ထား တဲ့သူတွေပါ ထွက်ပြေးမှာ ဖြစ်ပါတယ်။
ဘယ်သူမဆို စေတနာအရင်းခံပြီး၊ အနစ်နာခံပြီး လုပ်ပေးနေကြတာ မှန်သော်လည်း နောက်ကျောလုံဖို့ အရေးကြီးပါတယ်။ သူ့နောက်ကျောမှာ သူပြန်စရာ အိမ် မရှိဘူးဆိုတာ သူသိရင်၊ သူလည်းလုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူကြီးပိုင်းတွေအနေနဲ့ ဒီကိစ္စတွေကို တတ်နိုင်သလောက် လိုက်ဖြေရှင်းပေးနေပါတယ်။ တခြား ဝန်ကြီးဌာနတွေကပါ အကူအညီတောင်းခံပြီး သူတို့ မသုံးတဲ့အဆောက်အဦတွေ တောင်းခံပြီး နေရာချထား ပေးပါတယ်။ သို့သော် ရာနှုန်းပြည့် လုပ်ကိုင်ပေးနိုင်ခြင်း မရှိသေးပါဘူး။
အထူးသဖြင့် ကျွန်တော်တို့က စိတ်ချသွားရပြီဆိုပြီး ပြန်လွှတ်တဲ့ ဝန်ထမ်းတွေက သူတို့နေတဲ့အိမ်ကို သူတို့ ပြန်လို့ရသင့်ပါတယ်။ ကျွန်တော်တို့ ကြိုးစားမှာပါ။ ယခု ကျွန်တော်ထင်ပါတယ်။ ဒီ ကိုဗစ်လှိုင်းတံပိုးက ထိပ်ဆုံး အမြင့်ကို ရောက်နေပါပြီ၊ ယခုကျွန်တော်တို့လုပ်နေတဲ့ လုပ်ငန်းတွေ အောင်မြင်ရင် ရှေ့လျှောက်ပြန်ကျမှာပါ။ ဒါကို ရာနှုန်းပြည့် မပြောနိုင်သေးပေမယ့် ကျွန်တော်တို့ အနေနဲ့ ဒီအဆင့်ကနေ ပြန်ကျဖို့ ကြိုးစားဆောင်ရွက်နေ ပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ ဝန်ထမ်းတွေကလည်း မညည်းညူဘဲ အင်နဲ့အားနဲ့ ဝိုင်းဝန်းကူညီနေကြပါတယ်။ ဒါပေမယ့် သူတို့တွေရဲ့ နောက်ကျောလည်း လုံစေချင်ပါ တယ်။
ဒါကြောင့် ပြည်သူလူထုကလည်း မိမိကိုယ်ကို စည်းကမ်းရှိခြင်း၊ ရောဂါမကူးစက်အောင် ကာကွယ် ခြင်းအပြင် ကျန်းမာရေးဝန်ထမ်းတွေကို ကျွန်တော်တို့က ယုံကြည်စိတ်ချရလို့ သူတို့ရဲ့ နေအိမ်တွေကို ပြန်ပြီး လွှတ်တဲ့အခါမှာ မပစ်ပယ်ဘဲနဲ့၊ လက်ခံပေးခြင်းနဲ့ ကူညီ ပေးကြပါလို့ ပြောကြားလိုပါတယ်။
ထက်လျှံ