ကိုယ်စီကိုယ်စီ တာဝန်သိစိတ်ရှိကြရမည်

နေပြည်တော် ၁၂ ဧပြီ

 

“မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး တစ်ဦးချင်း တစ်ဦးချင်းဟာ တာဝန်သိစိတ် အပြည့်အဝရှိစေချင်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည့် ဒေသခံပြည်သူများ စကားဝိုင်း (PEACE TALK)တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများထားရှိရမည့် ခံယူချက်ကို အသိပေးပြောကြားခဲ့သည်။

 

နိုင်ငံတော်တိုးတက်ရေးအတွက် ပြောင်းလဲဆောင်ရွက်ရာတွင် နိုင်ငံသူ နိုင်ငံသားများ တစ်ဦးချင်း တစ်ဦးချင်းစီ၏ ထားရှိရမည့် စိတ်ထားများ မှန်ကန်ကောင်းမွန်ရေးသည် အထူးအရေးကြီးသည်။ ယင်းနှင့်ပတ်သက်၍ မြန်မာပြည် မီးရထားအခြေအနေနှင့်စပ်လျဉ်း၍လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မီးမောင်းထိုး ပြောကြားသွားခဲ့သေးသည်။ ယင်းမှာ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားနှင့် ထင်ဟပ်နေပေသည်။

 

မြန်မာပြည် မီးရထားများမှာ နှေးလည်း နှေးသည်။ ရထားတွဲများမှာလည်း သက်သောင့်သက်သာမရှိချေ။ ထို့အပြင် ရထားခေါင်းတွဲများမှာလည်း ကောင်းသင့်သလောက် မကောင်းချေ။ ယင်းအခြေအနေမှာ နှစ်ပေါင်းများစွာ ဖြစ်ပေါ်နေသော အနေအထားဖြစ်သည်။ ကျွန်ုပ်တို့အားလုံးမှာ ကောင်းမွန်ချောမွေ့သည့် အမြန်ရထားဖြင့် သွားလိုကြသည်။ နောက်ဆုံးပေါ် ကျည်ဆန်ရထားမျိုးဖြင့် သွားမည်ဆိုလျှင် ယခုရထားလမ်းဟောင်းပေါ်တွင် မောင်း၍ရမည်မဟုတ်ချေ။ ရထားတွဲ၊ ခေါင်း၊ လမ်းများနှင့် စနစ်ကိုပါ ပြုပြင်ရမည်ဖြစ်သည်။ ထိုမျှသာမက ထိုစနစ်ကိုအသုံးပြုနိုင်ရန်အသုံးပြုသူအားလုံးကိုလည်း လေ့ကျင့်ပေးရဦးမည်ဖြစ်သည်။

 

စနစ်တစ်ခုကို ပြောင်းလဲရာတွင် နေ့ချင်း၊ ညချင်း မဖြစ်နိုင်ချေ။ အချိန်ယူကာ အမြဲတမ်း ကြိုးစားအားထုတ်ကြရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်စေရန် ပြောင်းလဲဆောင်ရွက်ရာ၌ ထိုသဘောတရားအတိုင်းဖြစ်သည်ကို ကျွန်ုပ်တို့ မှတ်သားလိုက်နာရမည်ဖြစ်သည်။ လက်ရှိတွင် မပြောင်းလဲနိုင်သေးသော ရထားစနစ်ဟောင်းတွင် တာဝန်မသိ၊ တာဝန်မရှိသလို လိုက်ပါနေကြသူများအပြင် ကဖျက်ယဖျက် လုပ်ကိုင်နေကြသူများလည်း ရှိနေသေးသည်။ နိုင်ငံတော်က ရုပ်ဝတ္ထုပစ္စည်းများနှင့် စနစ်ကိုပြောင်းလဲပေးနိုင်လျှင်ပင် လိုက်ပါအသုံးပြု စီးနင်းကြသူများ ကိုယ်တိုင် တာဝန်ရှိမှု၊ တာဝန်သိမှု၊ စည်းကမ်းလိုက်နာမှု မရှိပါက တိုးတက်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ချေ။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတိုးတက်ရေးအတွက်ပြည်သူများအားလုံး လိုက်ပါဆောင်ရွက်ရမည့် ဥပမာများမှာ မှတ်သားဖွယ်ရာများသာမက အားလုံးဝိုင်းဝန်းကြိုးပမ်းအားထုတ်ရမည့် အချက်များဖြစ်သည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသားအများစုမှာ တာဝန်ကို အလေးမထားဘဲ အခွင့်အရေးများကိုသာ ဦးစားပေးနေဆဲဖြစ်သည်ကိုသတိပေးပြောကြားထားသည်။ နိုင်ငံသူ နိုင်ငံသားအားလုံး ကိုယ်စီကိုယ်စီ တာဝန်သိမှု၊ တာဝန်ကျေမှု၊ တာဝန်ကိုအလေးထားမှုရှိမည်ဆိုလျှင် မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို ကျော်လွှားနိုင်ပြီး နိုင်ငံကို တိုးတက်အောင်ပြောင်းလဲဆောင်ရွက်နိုင်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတိုးတက်ရေး၊ လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားချက်များကို အလေးအနက်ထား အားလုံးလိုက်နာကာ ကိုယ်စီကိုယ်စီ တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်များ ထားရှိကြပြီးညီညီညွတ်ညွတ် လက်တွဲပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။ ။

ကြေးမုံ