ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာရေး စီးပွားရေးလုပ်ငန်း

၃၁  ဇူလိုင်

Body Shop ဆိုတဲ့ ဆိုင်းဘုတ်နဲ့ဆိုင်ကို ပထမဆုံးမြင်ဖူးတုန်းက ဘာရောင်းတဲ့ဆိုင်မှန်း မသိဘူး။ နောက်ကျမှ အလှကုန်ပစ္စည်းရောင်းတဲ့ ဆိုင်မှန်းသိတာ။ ထိုင်းလေဆိပ်က အဲဒီဆိုင်တွေရှေ့ကိုဖြတ်သွားရင် အနံ့မျိုးစုံရနေပြီး အဲဒီအထဲက စိတ်ဝင်စားမှုများကြတဲ့ အမယ်တစ်ခုက Anti-Aging(ဇရာတိုက်ဖျက်ရေး) တွေ၊ အခုခေတ်မှာတော့ အမျိုးသားတွေအပါအဝင်လူငယ် လူရွယ် လူလတ်၊ အသက်ကြီးသူတွေအားလုံး လှချင်ကြ၊ နုချင်ကြ၊ မအိုချင်ကြတာ လူ့သဘာဝထင်ပါရဲ့။

ဒီအထဲမှာ မကြိုက်တာတစ်ခုရှိသေးတယ်။ “မအိုဆေး” သောက်ကြတဲ့တပည့်တွေလေ။ သူတို့ခမျာ အိုတဲ့အထိကို နေမသွားရ။ မကြာခင်က အဒေါ်တစ်ယောက်ဆုံးတော့ အသက်ရှစ်ဆယ်ကျော်။ သူ့တူတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးကြတော့ သူ့ခမျာ ငိုလိုက်ရတာအခါခါ။ ငယ်ငယ်ရွယ်ရွယ်၊ ချောချောလှလှတွေ ဦးဆောင်တဲ့ ကိုယ်ကာယ လေ့ကျင့်ခန်းမ(Gym)တွေ၊ ယောဂအတန်းတွေကြည့်ပြီး သမီးတစ်ယောက်ကို မေးကြည့်ဖူးတယ်။ သူတို့က ပင်ကိုချောလှတာလား၊ အဲသလိုလေ့ကျင့်ခန်းတွေ၊ ယောဂတွေကြောင့် ချောလှတာလားလို့။

တရုတ်ပြည်ကိုသွားတဲ့အခါ ကွန်မြူနစ်နိုင်ငံပေမယ့် ဘိုးတော်တွေ၊ ဝိဇ္ဇာတွေအကြောင်း ခဏခဏကြားရတယ်။ ရန်တိုင်း(Yantai) မှာဆိုရင် ဝိဇ္ဇာကိုးပါးလား ရှိတယ်။ မသေဆေးရှာကြ၊ တွေ့ကြတဲ့ ဒဏ္ဍာရီတွေက အများသား။ အင်္ဂလိပ်လိုတော့ အမတကိုတွေ့သူ၊ မသေတော့တဲ့သူတွေ(immortal)ပေါ့လေ။ စိတ်ထဲမှာ အဲဒီဝိဇ္ဇာတွေ၊ ဘိုးတော်တွေ၊ ဆေးတောင်ဝှေးတွေ၊ ဓာတ်လုံးတွေနဲ့ အခုခေတ် အလှကုန်ပစ္စည်းတွေ၊ ကျန်းမာရေးအသုံးအဆောင်တွေ၊ လေ့ကျင့်ခန်းတွေကိုဘယ်လို ဆွဲစေ့လို့မရဘူး။ ဒါပေမယ့် The Economist မဂ္ဂဇင်းကြီးက ဒါတွေအားလုံး (Body Business) (Wellness Business) တဲ့။ အာယုဒီဃ စီးပွားရေး၊ အာရောဂျံစီးပွားရေးလို့ပြောရင် သဘောမပေါက်မှာစိုးလို့ ခန္ဓာကိုယ်လို့ပြန်ရင်လည်း မလှလို့၊ ကိုယ်စိတ်နှလုံး ကျန်းမာရေးစီးပွားရေးလုပ်ငန်းလို့ ဘာသာပြန်ကြည့်လိုက်တယ်။

ခေတ်အဆက်ဆက်မှာ ပျောက်စေတို့၊ ဆေးမြီးတိုတို့၊ သိပ္ပံနည်းကျတို့ အမျိုးမျိုးပြောလို့ရတဲ့ ကိုယ်၊ စိတ်ကျန်းမာရေး အသုံးအဆောင်တွေ ပေါ်ပေါက်ခဲ့တယ်။ အခုဆိုမြန်မာမှာ ပယင်းခေတ်စားနေသလိုပေါ့။ သံလိုက်ရေခွက်တို့၊ သံလိုက်ပုတီးတို့၊ ရေသံပုတီးတို့ဆိုတာတွေလည်း ခေတ်စားတဲ့အခါ ခေတ်စားလိုက်ပေါ့။ မှန်တာတွေလည်းရှိ၊ မှန်ချင်ယောင်ယောင်တွေလည်းရှိ။ ကမ္ဘာအကျော်ဆုံးတစ်ခုကတော့ လန်ဒန်မှာပေါ်ခဲ့တဲ့ သံလိုက်အိပ်ရာပါ။ ၁၈ ရာစုနှစ်က စကော့လူမျိုး ဆရာဝန်တစ်ယောက်ရဲ့ တီထွင်မှုပါ။ လျှပ်စစ်မီးသီးတွေ၊ သံလိုက်တွေ၊ ရေမွှေးတွေနဲ့ ၉၆ ပါး ရောဂါပျောက်အောင် ကုသပေးနိုင်သတဲ့။

အဲဒီအထဲမှာ သံလိုက်အိပ်ရာဆိုတာက သားသမီးရအောင် လုပ်ပေးနိုင်သတဲ့။ အစစ်အမှန်လား၊ အတုအယောင်လား စဉ်းစားကြည့်ရင် ရနိုင်ပေမယ့် အဲဒီခေတ်က လူကုံထံတွေနဲ့ စည်ကားနေခဲ့တာပါ။ တကယ်တော့ လန်ဒန်မှာသာမက တခြားနေရာတွေမှာလည်း ဒါမျိုးတွေပေါ်ခဲ့တာပါ။ ရွှေတိဂုံဘုရားကိုသွားရင် သားပိုက်ဗြဟ္မာရုပ်(အင်္ဂါထောင့်နား)မှာ ဆုတောင်းနေတဲ့သူတွေနဲ့ ထူးထူးခြားခြားစည်ကားတာကို တွေ့ရတယ်။ အခုခေတ်မှာ ယောဂတို့၊ တရားထိုင်တာတို့၊ သက်သတ်လွတ် စားတာတို့ဆိုတာတွေဟာ အသက်ရှည်ကျန်းမာကြဖို့တွေ မဟုတ်လား။ ဆရာဝန်တစ်ယောက်ရဲ့ အဆိုအရ မြန်မာမှာ သိပ်အသုံးမဝင်တဲ့ အားဆေးတစ်မျိုးဟာ ဆရာဝန်မကြီး တစ်ဦးရဲ့ကျေးဇူးနဲ့ ဈေးကွက်ထဲမှာ ပြတ်သွားလောက်အောင် အရောင်းသွက်သွားသတဲ့။

အပြင်းအထန်လေ့ကျင့်ခန်းတွေလုပ်၊ ခန္ဓာကိုယ်က ချွေးတွေဘာတွေ ထွက်အောင်ခုန်ပေါက် ပြီးတာနဲ့ လူတစ်ကိုယ်လုံး ပေါ့ပါးသွားတာပဲဆိုတဲ့ အားကစားခန်းမမျိုး လည်းရှိသတဲ့။ ကိုယ်စိတ်ကျန်းမာချင်ကြတာဟာ ကျန်းမာရေး၊ အစားအသောက်၊ အလှအပနယ်ပယ်ကနေ အာမခံလုပ်ငန်းတွေ၊ အိမ်ခြံမြေဈေးကွက်တွေအထိပါ ကျယ်ကျယ်ပြန့်ပြန့် ခြေလှမ်းသွက်လာတာကို တွေ့နေရပါပြီ။ ဓာတ်လုံးတွေ၊ ဓာတ်ပြားတွေလို သိပ္ပံနည်းမကျဘူးလို့ ပြောလို့လည်းမရ။ ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာရေး ဈေးကွက်ထဲက ကာကွယ်ရေး၊ ဆေးဝါး၊ အာဟာရ၊ လေ့ကျင့်ခန်းနဲ့ အလှကုန်လုပ်ငန်းတွေကို အားလုံးစုပေါင်းလိုက်ရင် မနှစ်က ဒေါ်လာဘီလီယံ ၈၁၀ တောင်ရှိပါသတဲ့။ အားလုံးဟာ အစစ်အမှန်တွေချည်းမဟုတ်။

သွေးစမ်းတဲ့ကိရိယာအသစ်တစ်ခု ထွင်တယ်ဆိုပြီး ရှယ်ယာရောင်းလိုက်တာ၊ ဒေါ်လာသန်း ၁၀ဝ၀ ကျော်ရသတဲ့။ ပြီးတော့ သူ့စက်ကထွက်လာတဲ့ ရလဒ်တွေက တလွဲဖြစ်နေလို့ အခုဆိုတရားစွဲခံနေရပြီ။ တချို့တွေက ရိုးရာမပျက်စေဘဲ သိပ္ပံနည်းပညာနဲ့ ပေါင်းစပ်ထားတာ တွေ့ရတယ်။ (တစ်နေ့ကပဲ ခန္ဓာကိုယ်အနံ့အသက် ပျောက်ဆေးကို သနပ်ခါးနဲ့ လုပ်ထားတယ်လို့ ထိုင်းကုမ္ပဏီက ကြေညာထားတာတွေ့ရတယ်)

ကမ္ဘာကျော်ဆေးဝါးလုပ်ငန်း တစ်ခုကလည်း ဆရာဝန်လက်မှတ်နဲ့မှ ရောင်းရမယ့် ဆေးမျိုးမဟုတ်၊ အလွတ်ဝယ်လို့ရတဲ့ ဆေးတွေရောင်းဖို့ ကျန်းမာရေးလုပ်ငန်း(အလှကုန်လုပ်ငန်း) တစ်ခုနဲ့ ပူးပေါင်းလာတာ တွေ့ရတယ်။ အစားအသောက် လုပ်ငန်းတွေကလည်း ဓာတ်စာတွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ထုတ်လုပ်ရောင်းချလာကြတယ်။ အလှကုန်လုပ်ငန်းက ပြိုင်ဘက်တွေအချင်းချင်းလည်း ပူးပေါင်းပြီး အိမ်အရောက် ဝန်ဆောင်မှုပေးဖို့ ကြိုးစားလာကြတယ်။ အမေရိကန်ကုန်တိုက်ကြီးတစ်ခုက ၂၀၂၁ ခုနှစ်အကုန်မှာ အစားအသောက်ရှောင်နည်း ပါရဂူတွေ၊ ယောဂလေ့ကျင့်ဖို့ အခန်းတွေပါတဲ့ စင်တာပေါင်း ၁၅၀ဝ လောက်ဖွင့်ပြီး လူတွေရဲ့ကျန်းမာရေးကို စောင့်ကြည့်မယ်။ အာမခံလုပ်ငန်းအတွက် ဆေးရုံစရိတ်တွေ သက်သာအောင်လုပ်မယ်တဲ့။

သက်တမ်းရင့်အာမခံလုပ်ငန်းတွေက လူတွေကို ကျန်းမာရေးလက်ပတ်တွေ ဝတ်ခိုင်းပြီး သူတို့ကျန်းမာရေးကို စောင့်ကြည့်မယ်။ အာရှမှာလည်း အသက်အာမခံဝယ်တဲ့သူတွေကို ဘယ်လိုကျန်းမာရေး စောင့်ရှောက်ကြပါလို့တွဲပြီး အကြံပေးနေကြပြီ။ အာရှက တချို့အိမ်ခြံမြေတွေ၊ ကွန်ဒိုတွေမှာ ကုန်တိုက်တွေကိုလျှော့ပြီး အားကစားခန်းမတွေ ထည့်လာကြတယ်။ ဟမ်ဘာဂါမှာ အသားမထည့်ဘဲ ဟင်းသီးဟင်းရွက်ပဲ ထည့်မယ်လို့ ကြေညာတဲ့ စားသောက်ဆိုင်တစ်ခုရဲ့ အစုရှယ်ယာဈေးက ခြောက်ဆတောင် မြောက်တက်သွားပြန်သတဲ့။ အိမ်ထဲမှာ လေ့ကျင့်ခန်းလုပ်ဖို့ဆိုပြီး ရောင်းတဲ့စက်ဘီးတွေကလည်း အရောင်းသွက်၊ ကျန်းမာချင်တဲ့သူတွေကတော့ တက်တက်ကြွကြွ ဝယ်ကြ၊ အားပေးကြပေါ့။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းတယ်ဆိုတော့လည်း ကျန်းမာရေးအတွက်သုံးကြတာ ဝမ်းသာစရာပဲပေါ့။

၂၀ ရာစုနှစ်တုန်းက ဖျားတာနာတာကို ကြံ့ခိုင်တာထက် ဦးစားပေးခဲ့ကြတယ်။ လူတစ်ယောက်ရဲ့ကျန်းမာရေးကိစ္စကို ကိုယ့်ကုမ္ပဏီကပဲ တာဝန်ယူပြီး ဆေးခန်းတွေ၊ ဆေးရုံတွေ၊ ဆေးဆိုင်တွေ၊ အလုပ်ရှင်၊ အလုပ်သမားတွေ ချိတ်ဆက်ကြတယ်။ လူနာတွေက တကယ်စိတ်ရှည်ကြရတယ်။ ရယ်စရာကောင်းတာက မတည့်ပေမယ့် လျှာရင်းမြက်တဲ့ အစားအသောက်ကြော်ငြာတွေနဲ့ အဆီချဆေးကြော်ငြာတွေကို တစ်တွဲတည်း တွေ့လာရတယ်။ မတည့်တာတွေစားပြီးရင် ဆေးသောက်လို့ ပြောနေသလိုပဲ။ ဆရာဝန်တွေက အရေးပါတယ်။ ဓာတ်စာသမားတွေ အရေးမပါဘူး။ ဖောက်သည်တွေ၊ လူနာတွေထက် ဆရာဝန်တွေ၊ ဆေးရုံတွေက အရေးပါတယ်။ သူတို့ပြုသမျှ နုရတယ်။

အခုတော့ စားသုံးသူတွေ၊ လူနာတွေက ပြန်ပြီးအာဏာသိမ်းကြတယ်။ ကျန်းမာရေးစောင့်ရှောက်တဲ့ စနစ်တွေကို သဘောမကျကြတာ၊ စရိတ်ကြီးတာတွေကြောင့်ဖြစ်သလို အင်တာနက်ကနေ ကိုယ့်ရောဂါအကြောင်း ကိုယ်သိအောင်လုပ်နိုင်၊ ကိုယ့်ဘာသာ ဆေးအကြောင်းသိအောင်လည်း လုပ်နိုင်လာကြတယ်။ (သမီးတစ်ယောက် ဆေးရုံသွားတက်တော့ သိနေလွန်းလို့ ဆရာဝန်လား အမေးခံရတယ်။ တကယ်က သူက ကျန်းမာရေးဗီဒီယိုဇာတ်လမ်းတွေ ကြည့်ထားတာ) ပြီးတော့ လူတွေက အဝလွန်တာတို့၊ သောကဖိစီးတာတို့ကို ပိုပြီးသတိထားမိလာကြလို့လည်း ဖြစ်နိုင်ပါတယ်။

ဒီတော့ ဆေးဝါးနဲ့အစားအသောက်က ခွဲထားလို့မရ၊ အစာလည်းဆေးလို့ဆိုတယ် မဟုတ်လား။ အာဟာရလုပ်ငန်းနဲ့ အလှကုန်လုပ်ငန်းတွေလည်း ပေါင်းစည်း၊ ဘာသာရေး (ဗုဒ္ဓဘာသာ)က စိတ်တည်ငြိမ်ရေး ကျင့်စဉ်တွေကို ကမ္ဘာတစ်ဝန်း လိုက်နာကျင့်သုံးလာကြ၊ အာယုဗေဒဆေးဝါးတွေ တွင်ကျယ်လာ၊ ဟိုတုန်းက ခါးခါးသီးသီးငြင်းပယ်ခဲ့တဲ့ ဆေးမြစ်တွေ၊ ဆေးမှုန့်တွေက အရေးပါလာ၊ နာရီဆိုတာ အချိန်ကြည့်ဖို့သာမဟုတ်၊ သွေးစမ်း၊ နှလုံးခုန်နှုန်းတိုင်း၊ လေ့ကျင့်ခန်း လုပ်တာစောင့်ကြည့်တဲ့ နည်းပညာတွေအပြည့်နဲ့။

ကိုယ်စိတ်နှလုံးကျန်းမာရေး ဈေးကွက်ကြီးကြီးလာတော့ အရည်အသွေးရှိဖို့၊ စနစ်တကျရှိဖို့တွေ လိုလာတယ်။ လိမ်မယ့်ညာမယ့်သူတွေကလည်း အပြည့်။ အတိတ်မေ့ရောဂါကုမယ်ဆိုတဲ့ အားဆေးတွေကလည်း တကယ်တမ်းကျ မဟုတ်ပြန်ဘူးတဲ့။ ကိုယ့်အကြောင်း သတင်းအချက်အလက်ပေါက်ကြားမှာ၊ တစ်ချိန်လုံး ဓာတ်စာပဲစား၊ ပြေးစက်ပေါ်က မဆင်းဘဲနေနေရတာမျိုး အလွန်အကျွံတွေလည်း ရှိလာနိုင်တယ်။

အသက်ကြီးလာကြလေ ငယ်ချင်ကြ၊ လှချင်ကြလေ။ ဒါပေမယ့် အတုတွေကိုသတိထားဖို့ (The Economist) က ရေးထားပါတယ်။ ။

ခင်မောင်ညို(ဘောဂဗေဒ)