၉ ဒီဇင်ဘာ

 

ရာသီအကူးအပြောင်းလေးဖြစ်တာနဲ့ ဖျားပြီ။ သူများမဖျားတောင် ကိုယ်ကဖျားတယ်။ ဒါကဘာလို့များလဲ။ အဖြေကတော့ရှင်းပါတယ်။ ကိုယ်ခံအားနည်းနေတာကြောင့်ပါ။ ကိုယ်ခံအား နည်းနေသူတွေက အခြားသူတွေထက်ပိုပြီး ဂရုစိုက်ဖို့လိုမှာပါ။ ဒါမှလည်း ရောဂါပိုး ကူးစက်မှုတွေကနေ ကင်းတော့မှာပေါ့။ ဒီတစ်ခေါက်တော့ ကိုယ်ခံအားနည်းတဲ့ သူလေးတွေအတွက် ကျန်းမာအောင် ဘယ်လိုနေရမလဲဆိုတာလေး ပြောပြပေးမယ်နော်။

 

ကိုယ်ခံအားနည်းတဲ့သူတွေ ကျန်းမာအောင် ဒါလေးတွေဂရုစိုက်ပါ

 

ကိုယ်ခံအားနည်းသူတွေက အခြားသူတွေထက်ပိုပြီး အစစအရာရာကို ဂရုစိုက်ဖို့လိုပါမယ်။ ခဏခဏ ဖျားနာတာက နေ့စဉ်ဘဝမှာ စိတ်အနှောင့်အယှက်ဖြစ်ရသလို ရောဂါတွေအလွယ်တကူ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။ ဒါကြောင့် ကိုယ်ခံအားနည်းသူတွေအနေနဲ့ ကိုယ်ကိုယ့်ကို သေချာလေး စောင့်ရှောက်နိုင်မှ တော်ကာကျမှာပါ။

 

တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်ပါ

 

အခြားသူတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုဂရုစိုက်ဖို့လိုပါမယ်။ တစ်နေ့ကိုအနည်းဆုံး တစ်ကြိမ်လောက်တော့ ရေပုံမှန်ချိုးပေးပါ။ ခြေသည်း လက်သည်းတွေ ပုံမှန်ညှပ်ပေးတာအပြင် ခန္ဓာကိုယ် သန့်ရှင်းရေးကို အမြဲဂရုစိုက်ပေးရပါမယ်။

 

လက်ဆေးမပျင်းပါနဲ့

 

အစားမစားခင်၊ အိမ်သာကဆင်းတဲ့အချိန်နဲ့ ညစ်ပေတဲ့အရာတွေ ကိုင်တွယ်ထိတွေ့မိချိန်တွေမှာ လက်တွေကို သေချာအောင် ဆေးကြောပေးပါ။ တိရစ္ဆာန်လေးတွေကို ကိုင်တွယ်ထိတွေ့ပြီးချိန်၊ အမှိုက်ပစ်ပြီးချိန်၊ ကလေးကို သေးခံလဲပေးပြီးချိန်တွေမှာလည်း လက်ကိုသေချာ ဆေးကြော သန့်စင်ပေးပါ။

 

ဖြားနာနေသူတွေနားမကပ်ပါနဲ့

 

ကိုယ်ခံအားနည်းသူတွေက သာမန်လူတွေထက်ရောဂါပိုး ကူစက်ခံရနိုင်ခြေက ပိုများနေတာကြောင့် ဖျားနာနေသူတွေနား မကပ်ပါနဲ့။ ဖျားနာသူတွေနဲ့ တစ်ပန်းကန်တည်း တူတူစား၊ တစ်ခါက်တည်း တူတူသောက်တာမျိုးကိုလည်း ရှောင်ပါ။ မိသားစုဝင်တစ်ဦးဦး ဖျားနာနေပြီဆိုရင်လည်း လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတေွယူဖို့ မမေ့ပါနဲ့။

 

အသုံးအဆောင်တွေကို ပိုးသတ်ပါ

 

နေ့စဉ်ကိုင်တွယ်ထိတွေ့နေတဲ့ အသုံးအဆောင်တွေ အိမ်သုံးပစ္စည်းတွေကို ပိုးသတ်ထားဖို့ မမေ့ပါနဲ့။ ဒီပစ္စည်းတွေက ရောဂါပိုတွေ ခိုအောင်းနေပြီး သင့်ကို နားမကျန်းဖြစ်စေနိုင်ပါတယ်။ အိမ်သန့်ရှင်းရေးကိုလည်း ပုံမှန်လုပ်ပေးပါ။

 

အိပ်ရေးဝဝအိပ်ပါ

 

အိပ်စက်မှုက ခွန်အားပြည့်စေသလို ကိုယ်ခံအားကောင်းစေပြီး ရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်းလည်း ရှိပါတယ်။ ဒါကြောင့် တစ်နေ့ကို အိပ်ချိန် ၈ နာရီပြည့်ပြည့်ဝဝ အိပ်ဖြစ်အောင် ဂရုစိုက်ပါ။ အခြားသူတွေလိုမျိုး ညဉ့်နက်အထိ ဂိမ်းဆော့တာ၊ ဖုန်းသုံးတာမျိုးမလုပ်ပါနဲ့။

 

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

 

ကိုယ်ခံအားနည်းနေတယ်ဆိုရင်တောင်မှ သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလောက်တော့ လုပ်လို့ရပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ လေ့ကျင့်ခန်းလုပ်ပေးပါ။ ခန္ဓာကိုယ်ပေါ့ပါးစေပြီး ကိုယ်ခံအားကောင်းစေမှာပါ။

 

အာဟာရမျှတအောင်စားသုံးပါ

 

နေ့စဉ်စားသုံးမယ့် အစားအစာတွေကို ကြိုက်တယ်ဆိုတာထက် လိုအပ်တဲ့ အာဟာရပြည့်ဝစွာပါဝင်မှုကို အဓိကထားပါ။ အစားအသောက်စားတဲ့အခါမှာလည်း သစ်သီးတွေကို အခွံနွှာစားပါ။ ပိုးသတ်သန့်စင်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို စားသုံးပါ။ မကျက်တကျက်ချက်ထားတဲ့ အသားတွေကို မစားပါနဲ့။ သင့်တသင့်မျှတတဲ့ စားသောက်မှုပုံစံရှိအောင် ကိုယ့်ကိုကိုယ်ပျိုးထောင်ပါ။

 

ကာကွယ်ဆေးတွေထိုးထားပါ

 

ကိုယ်ခံအားနည်းသူတွေက ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေ များတတ်ကြပါတယ်။ ဒီတော့ အကောင်းဆုံး နည်းက မဖြစ်ခင်က ကြိုတင်ကာကွယ်ဆိုတဲ့အတိုင်း လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ထိုးထားပါ။ ဒါမှ မလိုအပ်ဘဲရောဂါတွေ ကူးစက်ခံရတာကို ကာကွယ်ပြီးသား ဖြစ်မှာပါ။

 

အားဆေးသောက်ပါ

 

ကျန်းမာနေတဲ့သူတစ်ယောက်က အားဆေးသောက်ဖို့ မလိုပေမယ့် ကိုယ်ခံအားနည်းသူ တစ်ဦးအနေနဲ့ကတော့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝပြီး ကျန်းမာနေစေဖို့ အားဆေး သောက်ဖို့လိုပါမယ်။ လိုအပ်ချက်နဲ့ကိုက်ညီဖို့ကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်နော်။

 

ကိုယ်ခံအားနည်းလို့ ခဏခဏဖျားတတ်လို့ဆိုပြီး စိတ်ညစ်မနေပါနဲ့။ ဒီနည်းလမ်းလေးတွေကို သုံးလို့ ကျန်းမာရေးကို အကောင်းဆုံး စောင့်ရှောက်လိုက်ပါနော်။

 

ရေးသားသူ Aye Thi Mon

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”