"ကိုယ့်ရပ်၊ ကိုယ့်အတွက် ရောဂါခံစားနေရသူတွေအတွက် အများ ပြည်သူတွေအတွက် ကိုယ်ကျိုးကို ရှေ့တန်းမတင်ဘဲ တတ်အားသမျှ ပံ့ပိုးပေးနေကြသူအားလုံး ဒီနှစ်သစ်တွင်သာမက အသက်ထက်ဆုံး ချမ်းသာ သုခနဲ့ ပြည့်စုံကြပါစေ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဧပြီလ ၁၈ ရက်နေ့တွင် ဆုတောင်းသတင်းစကားပါးခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု တစ်နေ့ထက်တစ်နေ့ ဖြစ်ပွားလာသလို ရောဂါကြီးကို ခုခံကာကွယ်တိုက်ဖျက်ပေးနေသည့် ရှေ့တန်းမျက်နှာစာမှ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ သာမက စေတနာရှင် ပြည်သူအပေါင်းတို့လည်း တိုးပွားနေသည်။ ပြည်သူ ပြည်သားများ၏ အသက်ခန္ဓာနှင့် ကျန်းမာရေးကို စိတ်စေတနာမွန်မြတ် စွာဖြင့် ဆောင်ကြဉ်းပေးသူများမှာ ပစ္စုပ္ပန် သံသရာတွင် ကောင်းကျိုး ချမ်းသာများကို ရရှိနိုင်ကြမည့်သူများဖြစ်ပေသည်။
ဤသို့ မွန်မြတ်သောစေတနာများဖြင့် ဆောင်ရွက်ပေးနေခြင်းများနှင့်အတူ ပြည်သူ ပြည်သားများ ကောင်းကျိုးချမ်းသာတိုးပွားစေရေးအတွက် လိုအပ်ချက်အမျိုးမျိုးတို့ကို နိုင်ငံတော်အစိုးရက တတ်နိုင်သမျှ ထည့်သွင်း စဉ်းစား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ဘုံရန်သူကို တွန်းလှန် နိုင်ရန်အတွက် အဓိကကျသည့် ပြည်သူ ပြည်သားများကလည်းသံသယမပွား ဝိဝါဒမကွဲပြားဘဲ ညီညီညွတ်ညွတ် လက်တွဲပူးပေါင်း ဆောင်ရွက်ကြဖို့လိုမည် ဖြစ်သည်။
ယခုအခါ ရောဂါကူးစက်ဖြစ်ပွားမှုသည် လူဦးရေတစ်ရာကျော်လာပြီဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာဆောင်ရွက်နိုင်ရေး၊ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကူးစက်ဖြစ်ပွားသော မြို့နယ်များတွင် နေထိုင်ကြသည့် ပြည်သူများသည် မိမိတို့နေအိမ်တွင် နေထိုင်ကြရန် (Stay at Home) လိုအပ်လာသဖြင့် ထုတ်ပြန်ခဲ့သော အမိန့် တို့ကို လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
နေအိမ်တွင်သာ နေထိုင်ရသည့်ဒုက္ခမှာ ကြီးမားသည်ဟု ထင်ကောင်း ထင်မည်ဖြစ်သော်လည်း နေအိမ်တွင်နေသဖြင့် ဖြစ်ပေါ်လာနိုင်သည့်ဒုက္ခမှာ မိမိမိသားစုသာမက မိမိတို့၏ အသိုက်အဝန်းတစ်ခုလုံး မိမိတို့တစ်နိုင်ငံလုံး ဘေးဒုက္ခဆင်းရဲများ ယခုထက်အဆပေါင်းများစွာ ကျရောက်လာမည်ကို သတိမူကြရမည် ဖြစ်သည်။ ယခုအခါတွင် ဘုံရန်သူကို အားကြိုးမာန်တက် လက်တွဲတွန်းလှန်ကြသူများရှိသလို ထုတ်ပြန်ထားသော စည်းကမ်း ဥပဒေများကို ပေါ့ပေါ့ဆဆဖြင့် အလေးအနက်မထားကြသူများလည်း ရှိနေသေးသည်ကို တွေ့ရသည်။ ထို့ကြောင့် ရောဂါပိုမိုဖြစ်ပွားလာစေရန် ဒေသန္တရအမိန့်များ အရေးပေါ်အမိန့်များ ထုတ်ပြန်ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ရန်ကုန်မြို့ရှိ မြို့နယ်ခုနစ်မြို့နယ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့နယ်များတွင် ညမထွက်ရအမိန့်၊ နေအိမ်တွင်သာ နေထိုင်ရန် အမိန့်များကို ထုတ်ပြန်ဆောင်ရွက်နေသည်။ အမိန့်များကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူခြင်းခံရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ ပြည်သူ ပြည်သားများ အားလုံး ထုတ်ပြန်ထားသော အမိန့်၊ စည်းကမ်း၊ ဥပဒေများကို လိုက်နာပါက ကြုံတွေ့နေရသည့် ဒုက္ခဆင်းရဲအခက်အခဲခံစားနေရမှုများမှာ အချိန် မကြာဘဲ ပြေပျောက်လွတ်ကင်းချမ်းသာခြင်းသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်နိုင်ငံအတွက်၊ ရောဂါကူးစက်ခံစားနေရသူများအတွက်၊ ပြည်သူ ပြည်သားအားလုံး ဒုက္ခအခက်အခဲအပေါင်းမှ လွတ်မြောက်ရေးအတွက် ကိုယ်ကျိုးကို ရှေ့တန်းမတင်ဘဲ နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ကိုယ်ကျိုးကိုမကြည့်ဘဲ ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည် ပံ့ပိုးကူညီ စောင့်ရှောက်ပေးနေသူများအားလုံးကိုလည်း ကျေးဇူးတင်လေးစားဂုဏ်ပြု တောင်းဆုပြုကြရမည် ဖြစ်ပါသည်။ ။
ကြေးမုံ