၂ ဇန်နဝါရီ

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသက်တမ်းသည် (၇၁)နှစ် ပြည့်တော့မည် ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့ အခါကာလသို့ရောက်လေတိုင်း လွတ်လပ်ရေးနှင့်ပတ်သက်သည့် သမိုင်းကြောင်းအစဉ်အလာများကို ပြန်လည်ဖွင့်ချ အသိပေးနေကြသည်မှာ လွတ်လပ်ရေးကို နောင်လာ နောက်သားများ ထိန်းသိမ်းစောင့်ရှောက်ကြရေးနှင့် လွတ်လပ်သည့်နိုင်ငံ တည်ဆောက်ရေးအတွက် မမေ့မလျော့ ရှိကြစေရန်ဖြစ်သည်။

လွတ်လပ်ရေးနှင့်စပ်လျဉ်း၍ အသိအမြင်ပေးကြရာတွင် လွတ်လပ်ရေး ဗိသုကာကြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကို ချန်လှပ်ထား၍ ရမည်မဟုတ်ချေ။ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲရင့်ပြတ်သားမှု၊ သွန်သင်ဆုံးမပဲ့ပြင်မှု၊ မြန်မာ့အနာဂတ်အရေးကို မြော်တွေးမှုတို့သည် ယနေ့ထက် တိုင်အောင်ပင် မရိုးနိုင်အောင်မှန်ကန်နေသည့် မှတ်သားလိုက်နာစရာများ ဖြစ်နေသောကြောင့်တည်း။

လွတ်လပ်ရေးဟူသည် သူတစ်ပါး၏ နို့သက်ခံစို့နေ၍ မရနိုင်၊ မိမိတို့ အားကို မိမိတို့ကိုးပြီး မိမိတို့ဘာသာ ကြိုးပမ်းရမည်ဟူသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ယုံကြည်မှုသည် လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှသည် ယနေ့ကာလအထိတိုင် ငြင်းမရအောင်မှန်ကန်နေသော မိန့်မှာချက်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်မှ လွတ်မြောက်အောင် ဖက်ဆစ်အကူအညီယူခဲ့သည်။ သို့သော် ဟန်ပြသာဖြစ်သည်။ ကျွန်ဘဝဖြင့်သာ အနှိပ်စက်ခံနေခဲ့ရသည်။

ထိုအခါ ဖက်ဆစ်ကိုတော်လှန်ပြီး အနှစ်သာရပြည့်ဝသည့် လွတ်လပ်ရေးပေးမည့်သူကို ရှာရပြန်သည်။ နယ်ချဲ့ကို နှစ်ကျော့ပြန် အသုံးချရသည်။ နယ်ချဲ့နှင့်လက်တွဲ၍ ဖက်ဆစ်ကိုတော်လှန်ရသည်။ ပြီးသောအခါ နယ်ချဲ့အင်္ဂလိပ်ထံမှ အနှစ်သာရရှိသည့် လွတ်လပ်ရေးကို မရရသည့်နည်းဖြင့် တောင်းယူခဲ့သည်။ လွတ်လပ်ရေးအတွက် ဖက်ဆစ် အကူအညီ၊ နယ်ချဲ့အကူအညီ ယူခဲ့သည်ဆိုသော်လည်း လွတ်လပ်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်း၏ အမြော်အမြင်ဖြင့် မြန်မာပြည်သူ တစ်ရပ်လုံး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခဲ့ခြင်းသာ ဖြစ်သည်။

လွတ်လပ်ရေးရရှိပြီးသော အချိန်အခါတွင်လည်း “လွတ်လပ်ရေး ရတဲ့အခါမှာ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေကို အမျိုးမျိုးသော နည်းတွေနဲ့လုပ်မှ၊ စကားခပ်ရိုင်းရိုင်းပြောရရင် အတော်ကိုပြဲအောင် ကုန်းလုပ်နိုင်မှ၊ ရုန်းလုပ်နိုင်မှ အနှစ် ၂၀ လောက်ရှိတဲ့အခါ တော်ကာ ကျမယ်၊ တခြားလွတ်လပ်တဲ့နိုင်ငံတွေက ခြေလှမ်းတစ်လှမ်းလှမ်းရင် ကျွန်တော်တို့က ခြေလှမ်းလေးငါးဆယ်လှမ်း လိုက်နိုင်မှ နောင် ၁၀ နှစ်၊ အနှစ် ၂၀ တန်သည်အားဖြင့် တန်းတူညီတူဖြစ်သွားမယ်။ တန်းတူညီတူ မဖြစ်သမျှကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟိုလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့အခါ မျက်နှာချို သွေးရနဲ့” ဟု မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး အခြေအနေကို ကြိုတင်မြော်တွေး ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ပြည်သူလူထုသို့ နောက်ဆုံးပြောကြားခဲ့သောစကားမှာ မှန်ကန်နေသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် သူတစ်ပါးအကူအညီယူခဲ့ သည်ဆိုသော်လည်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး ယူခဲ့ခြင်းသာဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးသောအခါတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကိုယ်တိုင်ဖန်တီးခဲ့ကြ၍ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ခဲ့သည်။

နောက်ပိုင်းတွင်မူ တိုင်းပြည်စီးပွားရေး နိမ့်ကျမှု၊ စည်းလုံးညီညွတ်ရေး ပျက်ပြားမှုတို့ကြောင့် နိုင်ငံတကာအလယ်တွင် မျက်နှာငယ်ခဲ့ရသည်။ သို့သော် အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဗိသုကာကြီးကို ချစ်မြတ်နိုးသော သားသမီးများလက်ထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မျှော်မှန်းချက်၊ လမ်းညွှန်ချက်ကို လက်တွေ့အကောင်အထည်ဖော်နေကြပြီ။ သူတစ်ပါး၏ နို့သက်ခံစို့မနေဘဲ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနေကြပြီ။ သို့ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့သည့် လွတ်လပ်ရေးနှင့်ထိုက်တန်သော နိုင်ငံဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။

ကြေးမုံ